အချစ်ဆိုတာ ရယူခြင်းလား... ပေးဆပ်ခြင်းလား... ကျမ ခုထိ နားမလည်သေးဘူး...
ကျမကကော ပေးဆပ်ပြီးချစ်ခဲ့သလား ရယူခြင်းမျိုးနဲ့ ချစ်ခဲ့သလား...
လူတိုင်းကတော့ ကိုယ့်မျက်ချေး ကိုယ် ဘယ်မြင်မလဲနော်...
ဘာလိုလိုနဲ့ ကျမတို့ လမ်းခွဲခဲ့ကြတာ ရှစ်လကျော်ခဲ့ပြီ...
အချစ်ဆိုတာ ပြောင်းလဲလွယ်တာလား... လူတွေက အချစ်အပေါ် သစ္စာမရှိကြတာလား... ချစ်ခြင်းကပဲ ထပ်တူမကျခဲ့တာလား...
အချစ်ဆိုတာ စာမေးပွဲတစ်ခုဆို ကျမအတွက် "ရှုံး"ဆိုတဲ့ အဖြေပဲထွက်မယ်ထင်တယ်...
မလွမ်းလောက်ပါဘူး... ဟင့်အင်း... မလွမ်းပါဘူး... မဟုတ်ဘူး... မလွမ်းသင့်ပါဘူး...
သူ့ဘက်ကကြည့် လက်ဖဝါး ကိုယ့်ဘက်ကကြည့် လက်ဖမိုး...
အပြစ်တင်သံတွေ ရန်ဖြစ်ခဲ့ကြတာတွေ ဒေါသနဲ့ပေါက်ကွဲခဲ့ကြတာတွေ အားလုံး ရပ်တန့်သွားကြပြီ...
နှစ်ယောက်လုံး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးကြချိန် နောက်ပြန်လှည့်နေတဲ့ စိတ်တွေကို တားဖို့ "အမုန်း နဲ့ နာကြည်းမှု"တွေကို စစ်ကူခေါ်ရတယ်...
နားလည်ပေးနေနိုင်သေးတယ်ဆိုတဲ့ စိတ်တွေကို ဖြတ်တောက်ဖို့ သူ့စကားအခွန်းတိုင်းက ဓားသွားတစ်ခုလို ပြတ်ရှစေခဲ့တယ်...
အချိန်တွေ အကြာကြီး စောင့်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျမက အပြစ်ရှိသူ မဟုတ်ဘူးလေ...
ဘာကြောင့် ထိုးနှက်မှုတွေနဲ့ လှောင်ပြောင်တဲ့ စကားလုံးတွေကို သူ ရွေးရွေးပြီး သုံးသလဲ ကျမ သိသလိုလို မသိသလိုလို... ကိုယ့်ကိုယ်ကိုယ် ငဲ့ညှာပြီး မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်...
သူ ရွေးတဲ့လမ်းမှာ သူ ပျော်တယ်ဆို ကိုယ် ဆက်လျှောက်ရတဲ့လမ်းမှာ ငိုကြွေးပြီး ရပ်တန့်မနေချင်ဘူး...
ကျမက ပြိုလဲလွယ်သူ...
ရှေ့ဆက်လျှောက်ဖို့ ကျမ သူ့ကို ဆက်ပြီး နားလည်မပေးမှ နောက်လှည့်မကြည့်ဖြစ်မှာ...
ကျမ ရွေ့ဖို့ 'အမုန်း နဲ့ နာကြည်းမှု'တွေကမှ ဆက်ရွှေ့နိုင်တာ...
ကျမ သူ့ကို မုန်းတယ်... ရှေ့ကို တိုးတိုးလျှောက်ဖို့ ကျမ သူ့ကို အမျိုးမျိုး မုန်းတယ်...