Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



















အချစ်ဆိုတာ ရယူခြင်းလား... ပေးဆပ်ခြင်းလား... ကျမ ခုထိ နားမလည်သေးဘူး...
ကျမကကော ပေးဆပ်ပြီးချစ်ခဲ့သလား ရယူခြင်းမျိုးနဲ့ ချစ်ခဲ့သလား...
လူတိုင်းကတော့ ကိုယ့်မျက်ချေး ကိုယ် ဘယ်မြင်မလဲနော်...

ဘာလိုလိုနဲ့ ကျမတို့ လမ်းခွဲခဲ့ကြတာ ရှစ်လကျော်ခဲ့ပြီ...
အချစ်ဆိုတာ ပြောင်းလဲလွယ်တာလား... လူတွေက အချစ်အပေါ် သစ္စာမရှိကြတာလား... ချစ်ခြင်းကပဲ ထပ်တူမကျခဲ့တာလား...
အချစ်ဆိုတာ စာမေးပွဲတစ်ခုဆို ကျမအတွက် "ရှုံး"ဆိုတဲ့ အဖြေပဲထွက်မယ်ထင်တယ်...

မလွမ်းလောက်ပါဘူး... ဟင့်အင်း... မလွမ်းပါဘူး... မဟုတ်ဘူး... မလွမ်းသင့်ပါဘူး...
သူ့ဘက်ကကြည့် လက်ဖဝါး ကိုယ့်ဘက်ကကြည့် လက်ဖမိုး...
အပြစ်တင်သံတွေ ရန်ဖြစ်ခဲ့ကြတာတွေ ဒေါသနဲ့ပေါက်ကွဲခဲ့ကြတာတွေ အားလုံး ရပ်တန့်သွားကြပြီ...
နှစ်ယောက်လုံး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးကြချိန် နောက်ပြန်လှည့်နေတဲ့ စိတ်တွေကို တားဖို့ "အမုန်း နဲ့ နာကြည်းမှု"တွေကို စစ်ကူခေါ်ရတယ်...
နားလည်ပေးနေနိုင်သေးတယ်ဆိုတဲ့ စိတ်တွေကို ဖြတ်တောက်ဖို့ သူ့စကားအခွန်းတိုင်းက ဓားသွားတစ်ခုလို ပြတ်ရှစေခဲ့တယ်...
အချိန်တွေ အကြာကြီး စောင့်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျမက အပြစ်ရှိသူ မဟုတ်ဘူးလေ...
ဘာကြောင့် ထိုးနှက်မှုတွေနဲ့ လှောင်ပြောင်တဲ့ စကားလုံးတွေကို သူ ရွေးရွေးပြီး သုံးသလဲ ကျမ သိသလိုလို မသိသလိုလို... ကိုယ့်ကိုယ်ကိုယ် ငဲ့ညှာပြီး မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်...
သူ ရွေးတဲ့လမ်းမှာ သူ ပျော်တယ်ဆို ကိုယ် ဆက်လျှောက်ရတဲ့လမ်းမှာ ငိုကြွေးပြီး ရပ်တန့်မနေချင်ဘူး...
ကျမက ပြိုလဲလွယ်သူ...
ရှေ့ဆက်လျှောက်ဖို့ ကျမ သူ့ကို ဆက်ပြီး နားလည်မပေးမှ နောက်လှည့်မကြည့်ဖြစ်မှာ...
ကျမ ရွေ့ဖို့ 'အမုန်း နဲ့ နာကြည်းမှု'တွေကမှ ဆက်ရွှေ့နိုင်တာ...
ကျမ သူ့ကို မုန်းတယ်... ရှေ့ကို တိုးတိုးလျှောက်ဖို့ ကျမ သူ့ကို အမျိုးမျိုး မုန်းတယ်...



သူ့အချစ်မှာ ပေးဆပ်ခြင်း တစ်နည်းအားဖြင့် စောင့်စားရခြင်းဆိုတဲ့ limit တွေ ကျော်သွားတာလည်း ဖြစ်နိုင်ပါတယ်... ဒါပေမယ့် သူပေးဆပ်နေတဲ့ အဲ့ဒီလေးနှစ်ကျော်ကာလမှာ ကျမကို သူ အကြိမ်ကြိမ် ဒဏ်ရာတွေပေးခဲ့ဖူးတာ သူ ပြန်သတိရပုံ မပေါ်ဘူး...

အကြီးအကျယ်ကျရှုံးနေခဲ့တဲ့ လွန်ခဲ့သော ငါးနှစ်ကျော်ကာလတုန်းက သူက ကျမရဲ့ လှမ်းဆွဲအားယူရာ တစ်ဦးတည်းသော မြက်ပင်ငယ်... သူပေးခဲ့တဲ့ စိတ်ဓာတ်အင်အားနဲ့ ပြိုလဲနေတဲ့ ဘဝကို ပြန်မတ်ဖို့ အားယူခဲ့ရတယ်ဆို မမှားပါဘူး... အဲ့ဒီအချိန်ကစပြီး ကျမ သူ့ကို ပြင်းပြင်းထန်ထန် မှီတွယ်ခဲ့တယ်လို့ ထင်ပါတယ်... သူ သုံးဖူးတဲ့ အသုံးအနှုန်းလေးနဲ့ ကဗျာဆန်ရရင်... ကျမက ကိုယ့်အစွမ်းနဲ့ကိုယ် လင်းဖို့ကြိုးစားနေတဲ့ လတစ်စင်း... တစ်နေ့မှာ နေမင်းမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ...
ကျမ နှစ်ရှည်လများ ခေါင်းငုံ့မျက်ရည်သုတ်ပြီး ကြိုးစားရုန်းကန်လျှောက်ခဲ့ရတဲ့ ဒီလမ်း၊ ဒီနေရာ နဲ့ ဒီရလဒ်ကို ကျမ မစွန့်ချင်ခဲ့ဘူးလို့တော့ ဝန်ခံချင်ပါတယ်...
ဒီနေရာကို ရောက်လာဖို့ သူကိုယ်တိုင်လည်း အားပေးခဲ့တယ်...
အပေါ်ရောက်မှ ပြန်ခုန်ချပါဆိုတော့ ကျမ တွေဝေခဲ့တယ်... ကျမတွေဝေမှုတွေကို သူ နားမလည်နိုင်ဘူး... ဘာလို့လဲဆိုတော့ သူ့အလုပ်က သူ့ဘဝအတွက် ပထမ၊ ကျမက ဒုတိယဆိုတာကို ကျမ ကျေကျေနပ်နပ်ကြီး လက်ခံနားလည်ပေးနိုင်ပေမယ့် သူ့အတွက်ကျ သူက ပထမ ဖြစ်ချင်ခဲ့တယ် မဟုတ်ဘူးလား...
ကျရှုံးမှုပေါင်းများစွာနဲ့ တည်ဆောက်ခဲ့ရတဲ့ နေရာတစ်ခုကို စွန့်လွှတ်ဖို့ ကြိုးစားနေတဲ့အချိန်... သူ ပေးခဲ့တဲ့ ဒဏ်ရာတွေကလည်း ကျမ သူ့ဆီ ရှေ့ဆက်လှမ်းဖို့ တုတ်နှောင်မှုတွေ ဖြစ်ခဲ့တာ သူ သိဟန်မတူဘူး...
သူပေးခဲ့တဲ့ အချစ်တွေက အားလုံးနဲ့ ဆန့်ကျင်ပြီး သူ့လက်ကို တွဲနိုင်ခဲ့ပေမယ့် သူပေးခဲ့တဲ့ ယုံကြည်မှုတွေက သူ့ဘဝထဲ တိုးဝင်ဖို့ထိ မလုံလောက်ခဲ့ဘူး...
အဲ့လိုပဲ ကျမရဲ့ တွေဝေမှုတွေက သူ့ယုံကြည်ချက်တွေကို တိုက်စားပစ်ခဲ့တယ် ထင်ပါတယ်...

ကျမ အနားကို သူ မလာနိုင်ဘူး... ဒါပေမယ့် ကျမ သူ့အနားမှာ မရှိနိုင်တာဟာ အပြစ်တစ်ခု ဖြစ်ခဲ့တယ်...
အဲ့ဒီအပြစ်အတွက် သူပေးတဲ့ ပြစ်ဒဏ်နဲ့ ကျမ ဘယ်နှစ်ကြိမ် ကျိတ်ငိုရမလဲ...

ပြီးသွားပြီ...
ဒါ လိုချင်ခဲ့တဲ့ ရလဒ်နဲ့ လားလားကြီး ဆန့်ကျင်နေခဲ့တယ်...
အဲ့ဒီအတွက် ကျမစိတ်တွေ လက်ခံနိုင်ဖို့ အချိန်တစ်ခု လိုအပ်တယ်... လိုအပ်နေသေးတယ်...
ရင်ထဲမှာ တည်ဆောက်ခဲ့တဲ့ သံယောဇဉ် သို့မဟုတ် သူ့ကို အပြည့်အဝမှီတင်းနေခဲ့တဲ့ ကျမစိတ်တွေ အရင်လို နဲ့ရုံမဟုတ်တော့ဘဲ လုံးဝပြိုလဲသွားတဲ့အတွက် ထိခိုက်ကြေမွမှုတွေ ပြင်းထန်နေတာမျိုး ဖြစ်မှာပါ...
အချိန်တစ်ခုရောက်ရင်တော့ ရေပွက်လေးတွေ ငြိမ်သွားဦးမှာပါပဲ...

လက်တုံ့ပြန်ဖို့ မရည်ရွယ်ထားပါဘူး... ဒါပေမယ့် ဘယ်လို အခွင့်အရေးမျိုး ရခဲ့ရခဲ့ ကျမ မညှာဘူးလို့ ကြုံးဝါးခဲ့တယ်... ကျမ စိတ်ကူးနဲ့ သူ့ကို အကြိမ်ကြိမ်သတ်ခဲ့တယ်... ကျမ အဲ့လောက်ထိ သူ့ကို မုန်းခဲ့တယ်...
အားလုံးကို စတင်ဖန်တီးခဲ့တာလည်း သူပဲ... အားလုံးကို ဖျက်ဆီးခဲ့တာလည်း သူပဲ ...
နေ့စဉ် အချိန်နဲ့အမျှ လက်သီးဆုပ် အံကြိတ်ပြီး "ငါ နင့်ကို သိပ်မုန်းတယ်"လို့ ရေရွတ်နေခဲ့ရတယ်...
အချိန်ကြာမြင့်စွာ စူးဝင်နေတဲ့ ဆူးတစ်ချောင်းကို သူ နှုတ်ပေးတော့မလိုလိုနဲ့ အဆုံးထိ ရိုက်သွင်းခဲ့တာ...
အမှန်တရားဆိုတဲ့ စကားလုံး ခါးခါးသီးသီး နာကြည်းမိတယ်...
တခါတလေမှာ သူတပါးကို ခွင့်လွှတ်နားလည်ပေးခြင်းဆိုတာ နောက်ကျောကို ဓားနဲ့ ထပ်အထိုးခံရဖို့ အခွင့်အရေးထပ်ပေးတာလို့ မြင်မိတယ်...
ကျမ သဘောထားပြည့်ဝသူတော့ မဟုတ်ခဲ့ဘူး... ကိုယ် တစ်ကြိမ်အထိုးခံရရင် ထိုင်ဆဲနေမှာထက် နှစ်ကြိမ် ရအောင်ပြန်ထိုးရမှ ကျေနပ်တဲ့သူ...
ဒါပေမယ့် ဝှက်ဖဲတွေ ထုတ်ပြပြီး တစ်ခုခုလုပ်လိုက်ဖို့ထက် ခံလိုက်စမ်းပါလို့ အကြိမ်ကြိမ် အသံတိတ်အော်ဟစ်ရင်း တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖောက်ထုတ်လိုက်ဖို့ထက် အဲ့ဒီခံစားချက်တွေကို ရင်ဘတ်ထဲ မြှုပ်နှံထားလိုက်တယ်...
ဆက်လျှောက်ရဦးမယ့် လမ်းတွေအတွက် ဖိနပ်ကောင်းကောင်းတစ်ရံ စီးရဖို့ မလိုပါဘူး... နင်းလျှောက်နိုင်ဖို့ မာန်တွေသာ လိုအပ်တယ်...
အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မကျူးးလွန်ဖို့ အဲ့ဒီဒဏ်ရာတွေ ရင်ဘတ်ထဲ ကိန်းဝပ်နေဖို့ လိုအပ်တယ်...

ကျမ ကိုယ့်ကိုယ်ကိုယ် မမေးချင်ဆုံး မေးခွန်းကို မေးဖြစ်တယ်...
... ကျမ သူ့ကို နားလည်တယ် ... ဒါပေမယ့် နားမလည်ပေးချင်ဘူး...
... ကျမကိုယ် ကျမလည်း နားလည်တယ်... ဒါပေမယ့် ဒဏ်ပေးနေတုန်းပဲ...
"အချစ်ဦး"မဟုတ်လား... ဒီလောက်တော့ ကျမမှာ ရူးပိုင်ခွင့်ရှိပါတယ်...
ရူးခဲ့ပြီးရင်တော့ ကိုယ်ရူးခဲ့ပြီးတာတွေအတွက် ခံနိုင်ရည် ရှိရဦးမှာပေါ့...

တစ်ချိန်တုန်းက သူဟာ ကျမဘဝအတွက် လမ်းပြကြယ် ဖြစ်ခဲ့ဖူးပါတယ်...
တစ်ချိန်လုံး ကျမကို တည့်မတ်ပေးခဲ့ဖူးပါတယ်...
သူ ဆုံးမခဲ့တဲ့စကားတွေ ကျမ ခေါင်းထဲမှာ ရှိနေတုန်းပဲ...
သူ ကျမအပေါ် မကောင်းခဲ့တာတွေအတွက် ရှစ်လကျော် မုန်းတီးပြီးတဲ့နောက် ကျမအပေါ် ကောင်းခဲ့တာတွေအတွက် ဒီနေ့ "အမုန်း"တွေကို ပြာချလိုက်တယ်...
ကျမ သူ့ကို လွှတ်ပေးလိုက် ပြီးပြီ... လွတ်လွတ်လပ်လပ် ထွက်သွားနိုင်အောင် ကျမ ဘာတွေ တင်းထားဦးမှာလဲ...
နှစ်ယောက်စလုံး ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်နိုင်ခဲ့ပြီ...
ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ဖို့ အချိန်တန်ပြီ...
လူတိုင်း လူတိုင်း မှားခဲ့ကြဖူးတယ် မဟုတ်လား...
အားလုံးကို လွှတ်ချလိုက်ဖို့လည်း လုံလောက်တဲ့ အချိန်တစ်ခု ရောက်ပြီထင်ပါတယ်...


ထွက်သွားပါတော့...
ဘယ်တော့မှ နောက်ထပ် ဘယ်လိုပုံရိပ်မျိုးနဲ့မှ ထပ်ဝင်မလာပါနဲ့တော့...
မေ့ပစ်လိုက်တာမဟုတ်ဘဲ မေ့ထားလိုက်တာမို့ ဆက်မေ့နိုင်ဖို့ဘဲ ကြိုးစားပါတယ်...
"နဖူးက အမာရွတ်ကို မြင်တိုင်း မဟောသဓာကို သတိရတယ်"ဆိုတဲ့စကား ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာတတ်မယ်... ဒဏ်ရာဆိုတာ အနာကျက်သွားတောင် အမာရွတ်တော့ ကျန်သေးတာပဲလေ...


Created By: k2tmaung (31 October 2014 Friday 09:22PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..