ဘဝရဲ့အစက သိပ်လှ
အမိနဲ့အဖရဲ့ အနားနား
ပူပင်စရာတွေ ဘာမှခေါင်းထဲမထည့်
အဖြူရောင်နှလုံးသားလေး ကျွန်တော်ထွေးပွေ့ရင်း
ရိုးသားမှုတွေ ထမ်းပိုး ပညာရှာဖို့ ထွက်ခွာလာ
လူတွေအလယ်ကို စရောက်တော့
ကျွန်တော်လေ အားလုံး အကောင်းမြင်သူပါ
အပေါင်းအသင်းများဆိုလည်း တွယ်တာမိတဲ့စိတ် လွန်ကဲ
ကျွန်တော်ဟာ သာတယ် နာတယ် မစဉ်းစား
အရာရာ ကိုယ့်ဘက်ကသာ ပေးဆပ်လို့လာ
သိပ်ချစ်ရသူလေးနဲ့ ဆုံလာခဲ့တဲ့အချိန်မှာလည်း
သူမရဲ့ကွက်လပ်များစွာ ဒိုင်ခံဖြည့်ခဲ့ဖူးပါတယ်
လူတွေကိုအကောင်း ကျွန်တော်မြင်ချင်ပေမယ့်
ကိုယ်ကကောင်းတိုင်းလည်း သူတို့ပြန်ကောင်းနိုင်ပါ့မလား
ဆိုးတဲ့သူအတွက် ကျွန်တော် ပြန်လည်းမဆိုးချင်ဘူး
အဖြူရောင်နဲ့နှလုံးသား အခုတော့ ပျက်စီးပြီလား
အဖေနဲ့အမေလည်းမရှိမှ
တကိုယ်ရည် လောကကြီးပေါ်လျှောက်ရ
သင်ယူစရာတွေ များလွန်းတော့
လူတွေ ညစ်ပတ်သမျှ ကျွန်တော် စိတ်သိပ်ညစ်
ခွင့်လွှတ်တတ်တဲ့ နှလုံးသား
ဒီအချိန် ဒေါသကြီးလာတယ်
ဟိုအတိတ်က နူးညံ့မှုတွေ
တခါပြန်မရတော့တဲ့အခါဝယ်
လူတွေကိုအကောင်း ကျွန်တော်မြင်ချင်ပေမယ့်
ကိုယ်ကကောင်းတိုင်းလည်း သူတို့ပြန်ကောင်းနိုင်ပါ့မလား
ဆိုးတဲ့သူအတွက် ကျွန်တော် ပြန်လည်းမဆိုးချင်ဘူး
အဖြူရောင်နဲ့နှလုံးသား အခုတော့ ပျက်စီးပြီလား
ဟိုအရင်တုန်းကတော့ သီချင်းအေးအေးလေးမို့ အရမ်းကြိုက်ခဲ့တယ်...
ခုချိန်ကျ သီချင်းစာသားလေးတွေက ကိုယ့်အကြောင်းပဲ ရေးထားသလိုလို...
ခုတလော ကိုယ့်ကိုယ့်ကို အလိုမကျစိတ်များတယ်၊ အဆိုးမြင်စိတ်များတယ်၊ စိတ်မရှည်ဘူးလို့ ထင်မိရင်း သူများကို အမြဲပြောတတ်တဲ့ "ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ အမူအကျင့်၊စိတ်ထားတွေကို အမြဲထိန်းသိမ်းပါ" ဆိုတဲ့စကား ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်တယ်... လူဆိုးတစ်ယောက် မဖြစ်ချင်ဘူးလေ..
ရုံးကလူတွေနဲ့တောင် ပြောဖြစ်သေးတယ်... ရုံးရောက်ခါစကနဲ့ ခုနဲ့ တော်တော်ကွာသွားပြီနော်လို့... aggressive ဖြစ်ပြီး အရင်လိုလည်း စိတ်မရှည်တော့ဘူးဆိုတော့ ကိုယ့်ကိုအရမ်းခင်တဲ့ အန်တီက ငါ့အမြင်မှာတော့ you are already good enough and still a good girl ပါလို့ အားပေးရှာတယ်... စိတ်ရှုပ်လွန်းလာတဲ့အခါ မပြီးနိုင်မစီးနိုင် ဆွဲဖြဲချင်စရာရာကောင်းလွန်းတဲ့ အလုပ်တွေကို အကုန်ပစ်ချပြီး သူများနေရာမှာ ပေါက်တက်ကရတွေ ဦးဆောင်ပြီး ပြောတော့ တဝါးဝါးနဲ့ ရယ်ကြတဲ့အခါ customer တွေကတောင် ဒီနေ့ ဘာနေ့မို့လို့လဲလို့ အံ့ဩနေကြလေရဲ့... ဪ အမြဲလိုလို ကိုယ့်နေရာမှာ သန်မှိုစွဲသလိုထိုင်ပြီး သူများပြောသမျှ ရင်ဖွင့်သမျှ အမြဲနားထောင်တတ်တဲ့ ကိုယ်က ရယ်စရာတွေ ဦးဆောင်ပြီး ပြောတဲ့နေ့လည်း ရှိသေးသားပဲလို့ တွေးမိရင်း ပြုံးမိတယ်...
အမေပြောဖူးသလို မိဘနဲ့တူတူနေတဲ့အချိန်တွေမှာ တွေ့ခဲ့ကြုံခဲ့ရတဲ့ ကောင်း၏ဆိုး၏အရာအားလုံးဟာ ကိုယ့်ဘဝမဟုတ်ခဲ့ဘူး၊ မိဘရဲ့ဘဝပါ...
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး တစ်ယောက်တည်းနေရမှ မိဘအိမ်မှာ နေတုန်းက စိတ်ညစ်တယ်ဆိုတာ ဘာမှမှ မဟုတ်ခဲ့တာ...
အလယ်တန်းကျောင်းသူတုန်းက စိတ်ကူးယဉ်ပြီး ပြောခဲ့တဲ့ ကိုယ့်စကားကိုယ် အမြဲပြန်သတိရမိတယ်...
"ဘဝဆိုတာ ပင်လယ်ကြီးလို အနိမ့်အမြင့်လှိုင်းတွေမရှိရင် ဘယ်ရသပြည့်စုံမလဲ... အကောင်းဆုံးဆိုတာလည်း ခံစားကြည့်ဖူးချင်တယ် အဆိုးဆုံးဆိုတာကိုလည်း မြည်းစမ်းကြည့်ဖူးချင်တယ်"လို့...
ခုတော့လား... အကောင်းဆုံးလည်း မလိုချင်တော့ဘူး... အဆိုးဆုံးတွေ မလာရင်ဘဲ ကျေနပ်ပြီ...
လောဘလည်း ဘယ်တုန်းကမှ မကြီးခဲ့ပါဘူး... ရတာနဲ့ရှိတာနဲ့ အမြဲကျေနပ်ရောင့်ရဲ ပျော်ရွှင်တတ်ပေမယ့် တခါတခါကျ စိတ်မညစ်တတ်တဲ့ ကိုယ့်ကို စိတ်ညစ်တတ်လာအောင် သင်ပေးခဲ့တဲ့ သင်ပေးနေတဲ့ သူတွေကို ရိုးရိုးရှင်းရှင်းထက် ရှုပ်ထွေးပွေလီမှုတွေကိုများ ပိုနှစ်သက်ကြတာလားလို့ တွေးမိတယ်...
ပေါက်ကွဲချင်တိုင်း ပေါက်ကွဲထွက်ဖို့ရာလည်း ကိုယ်တွေက ကလေးမှ မဟုတ်တော့တာ... စိတ်ထွက်ပေါက်ရှာဖို့ဆိုတာ သိပ်လွယ်ပေမယ့် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်နင်းဖို့ဆိုတာ တော်တော်တော့ ခက်ခဲပါတယ်...
လွယ်တဲ့အရာထက် ခက်ခဲတဲ့အရာကို နည်းနည်းပဲ တတ်နိုင်ဦးတော့ challenge လုပ်ကြည့်မယ်လို့ တွေးရင်း ခုထိတော့ လူဆိုးတစ်ယောက်မဖြစ်သေးဘူးထင်တာပဲ...
စိတ်တွေ ရှုပ်ထွေးလာတဲ့အခါ၊ စိတ်ညစ်တဲ့အခါ ဘာလုပ်ချင်လဲမေးရင်... အမြင့်ကြီးပေါ်ကနေ ခုန်ချပြီး အားရပါးရအော်ပစ်ချင်တယ်...
အမြင့်ကို ကြောက်ပါတယ်... ဒါပေမယ့် ဟိုးအမြင့်ကြီးကနေ ကျလာလို့ ရလာတဲ့ ပေါက်ကွဲထွက်မတတ် ခံစားမှုက ရှောင်ထွက်သွားလို့မရတဲ့ ဘဝရဲ့ မွန်းကျပ်မှုတွေနဲ့ အချိုးချရင် မြိုသိပ်ချုပ်တီးကြောက်ရွံ့နေမယ့်အစား အားရှိပါးရှိအော်ဟစ်ရင်း ရင်ဖွင့်ခံစားကြည့်လိုက်တာ ပိုပျော်စရာကောင်းပါတယ်...
စိတ်ထဲရှိသမျှ....
Created By: k2tmaung (14 October 2014 Tuesday 05:33PM)
Posted by
k2tmaung
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...