ဒီစာစုကို လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ရေးဖို့ စိတ်ကူးနေခဲ့ပေမယ့် ခုမှပဲ လက်တွေ့အကောင်အထည်ဖော်ဖြစ်ပါတော့တယ်...
ကျမဘဝမှာ စံထားလေးစားရတဲ့ ပုဂ္ဂိုလ်အနည်းငယ်ရှိတဲ့အထဲမှာ ငယ်ငယ်ကတော့ "မောင်စံ" ကြီးလာတော့ "ဦးမောင်စံ"လို့ ခေါ်တဲ့ ကျမအဘိုးက ထိပ်ဆုံးနေရာကနေ ပါဝင်နေပါတယ်... ဘဝရဲ့အခက်အခဲတွေကို တစ်ကြိမ်တစ်ခါမှ ဆုတ်နစ်ခြင်းမရှိ ဇွဲသန်သန်နဲ့ ဖြတ်သန်းခဲ့သူပါ... ဘဝကို သုညကနေ နှစ်ကြိမ်တိုင်တိုင်စ,ခဲ့သူလည်း ဖြစ်ပါတယ်... ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်လက်ရုံးကိုယ်အားကိုးလို့ မိသားစုတစ်ခုလုံး မကြောင့်မကြ မတောင့်မတရဘဲ နေနိုင်အောင် ကြိုးစားနိုင်ခဲ့သူ၊ အတန်းပညာသင်ယူတတ်မြောက်ခြင်း မရှိပါသော်ငြား မြော်မြင်ဉာဏ်၊ စဉ်းစားချင့်ချိန်ဉာဏ်ပြည့်ဝသူ တစ်ဦးလည်း ဖြစ်ပါတယ်...
ဟိုးလွန်ခဲ့တဲ့ နှစ်၇၀နီးပါးအချိန်တုန်းက မြန်မာစကားတစ်လုံးတစ်ပါဒမှ မတတ်ဘဲ တရုတ်ပြည်မကြီးကနေ မြန်မာပြည်မှာ စွန့်စွန့်စားစား အလုပ်လာလုပ်ခဲ့သူပါ... ရသမျှ လစာထဲက တစ်လကို ခုံဖိနပ်ဖိုးနှစ်ရံစာသာယူပြီး ရသမျှလစာကို သူဌေးဆီမှာ စုထားခဲ့တယ်... စာမတတ်ရင် လူရာမဝင်ဘူး... သူများညာတာခံရမယ်လို့ ထင်ခဲ့တဲ့အဘိုးက မြန်မာအဘိုးကြီးတစ်ယောက်ဆီကနေ နေ့စဉ်မြန်မာစာကို အရေးအဖတ် ကြိုးစားသင်ယူခဲ့လို့ စာရေးတတ်၊ ဖတ်တတ်ခဲ့ပါတယ်... ရိုးသားတယ်... နှုတ်ချိုသလောက် မျက်နှာလည်းချိုသူပါ... အလုပ်ကိုလည်း ခိုကပ်မှုမရှိဘဲ ကြိုးကြိုးစားစားလုပ်တတ်သူမို့ သူဌေးကလည်း အရမ်းသဘောကျခဲ့ပါတယ်တဲ့... ဒါပေမယ့် သူများဆီမှာ အလုပ်လုပ်နေသ၍ ဘယ်တော့မှ ကြီးပွါးမှာမဟုတ်ဘူးလို့ မြင်တဲ့ တွေးတဲ့ အဘိုးက ပြည်မြို့မှာ ဆွေမျိုးနီးစပ်တော်သူနဲ့ စပ်တူသွားရောက် အလုပ်လုပ်ခဲ့ဖူးပါတယ်... အချိန်တန်တော့ ကျမအဘွားနဲ့အိမ်ထောင်ကျ... သားသမီးတွေ ထွန်းကားလာတော့ စီးပွါးရေးအတွက် သူကြံရပြန်တယ်... လက်ခုပ်ကုန်းဘက်မှာ အခြေချဖို့ နေစရာအိမ်ကို စရံပေးပြီးကာမှ အမျိုးတစ်ယောက် ဖျက်လို့ဖျက်ဆီးလုပ်တာကြောင့် ရှိစုမက်စု စရံငွေတွေ ဆုံးသွားခဲ့ဖူးပါတယ်တဲ့... ဒီလိုနဲ့ နေလာရင်း ဒီအတိုင်းဆက်နေနေလို့ ဘာမှမဖြစ်လာပါဘူးလေဆိုပြီး ဘိုကလေးဘက်သွားတဲ့ ဧရာဝတီသင်္ဘောကြီးတက်စီးပြီး တစ်ယောက်တည်း စူးစမ်းလေ့လာရင်း နယ်မြေသစ်ရှာဖွေခဲ့ပါတယ်တဲ့... ကျုံကျိုက်ဆိုတဲ့ ရွာလေးတစ်ရွာကို ရောက်တော့ သင်္ဘောပေါ်ကဆင်း... ရွာအခြေအနေကို လေ့လာ... သူသဘောကျလောက်တဲ့ အခြေအနေမျိုးတွေ့ရတော့ ရန်ကုန်ကိုပြန် နောက်နေ့မှာ ရွာထဲက အိမ်တစ်လုံးကို အပိုင်ဝယ်... မိသားစုလိုက် အကုန်ပြောင်းလို့ ကုန်စုံဆိုင်လေးနဲ့ ကိုယ်ပိုင်စီးပွါးရေးကိုစ,ခဲ့ပါတယ်တဲ့... အဘိုးရဲ့ နှုတ်ချိုချို မျက်နှာချိုချိုနဲ့ ဝယ်သူတွေကို ပြောဆိုရောင်းချတတ်မှု... ပစ္စည်းမှန် ဈေးမှန်နဲ့ မှန်မှန်ကန်ကန်ရောင်းတတ်တာတွေကြောင့် တစ်နေ့တစ်ခြားစီးပွါးရေးတွေ အဆင်ပြေလာခဲ့ပါတယ်... နောက်... သင်္ဘောဆိပ်နဲ့ တစ်အိမ်အကွာ ပိုမိုကျယ်ဝန်းတဲ့ ရေတစ်ဝက်ကုန်းတစ်ဝက်အိမ်ကိုဝယ်လို့ စီးပွါးရေးတွေ ချဲ့ခဲ့ပါတယ်... စားသောက်ကုန်အပြင် အထည်အလိပ်တွေပါ ရောင်းချရင်း တစ်စတစ်စစီးပွါးရေးကို တိုးမြှင့်ခဲ့ပါတယ်... သုညကနေစ,ခဲ့တဲ့ဘဝ တစ်ဖြည်းဖြည်းနဲ့ အခြေကျ,လာခဲ့တယ်ဆိုပါတော့လေ... ဒါပေမယ့် အဘိုးကံဆိုးချိန်ကို ရောက်ခဲ့ပြန်ပါတယ်... ပြည်သူပိုင်တွေသိမ်းတော့ အဘိုးတို့ရွာလေးမပါခဲ့ပါဘူး... ရွာထဲက တစ်ချို့သောသူတွေက အာဏာပိုင်တွေကို သွားခေါ်လက်ညှိုးထိုးလို့ အဘိုးအိမ်ရဲ့ အလယ်တစ်ဝက်ကနေပိုင်းလို့ ဈေးဆိုင်တည်ထားတဲ့ အိမ်ရှေ့မျက်နှာစာကို ပြည်သူပိုင်အဖြစ် သိမ်းသွားခဲ့ပါတယ်... ဒီလောက်နဲ့တင် ကံဆိုးမှုက မကုန်ခဲ့ပါဘူး... ပြည်သူသိမ်းတဲ့နေ့မှာပဲ အညာကနေ အထည်လိပ်တွေ အစုလိုက်အပြုံလိုက်ရောက်လာခဲ့တော့ အဘိုးမှာ ခြေဗလာလက်ဗလာနဲ့ ရှိရှိသမျှ တစ်နေ့တည်း အကုန်ကုန်သွားခဲ့ရတာပေါ့... စိတ်ဓာတ်ကျကျနဲ့ ကျမအဘိုး ရန်ကုန်မြို့ပေါ်ကိုတက်... သူဝယ်နေကျ ဈေးဆိုင်တန်းတွေ လှည့်ပတ်ကြည့်လို့ပေါ့... ဝယ်နေကျ ဆိုင်ရှင်တွေက အဘိုးကိုတွေ့တော့ ဘာဝယ်မလဲ... ဘာယူမလဲဆိုပြီး နှုတ်ဆက်ကြတာပေါ့... အဘိုးကလည်း သူ့ပိုင် ပစ္စည်းတွေအကုန် ပြည်သူပိုင်သိမ်းခံရတဲ့အကြောင်း ပြောပြတော့ အဘိုးရဲ့ရိုးသားမှုကို ယုံကြည်တဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက သူ့ဆီက ပစ္စည်းတွေ ယူရောင်း... ရောင်းလို့ရမှ ပစ္စည်းတန်ဖိုးကို ပြန်ပေးလို့ ပြောလိုက်တော့ အဘိုးအပျော်ကြီးပျော်သွားခဲ့ပါတယ်တဲ့... အလကားယူရောင်းပြီး ရောင်းရမှ ပိုက်ဆံပြန်ပေးဆိုပေမယ့် အဘိုးက အများကြီးမယူခဲ့ပါဘူး... ဒီလိုနဲ့ အထည်တစ်ချို့ကို ယူပြီး ရွာပြန်လာခဲ့တယ်... မနက်ဆို အစောကြီး နေမထွက်ခင် ကျွန်းလှေကြီးပေါ် ဖာတောင်းကြီးတစ်လုံးတင်လို့ လှေနဲ့ဈေးရောင်းထွက်ခဲ့ရပါတယ်တဲ့... နေ့လည်စာအတွက် တစ်လုံးဆင့်ဒံချိုင့်လေးထဲမှာ ထမင်းဖြူဖြူနဲ့ ကြက်ဥပြုတ်... ရိုးအအ ကျမအဘွားက ကလေးပုစုခရုတွေနဲ့မို့ တစ်ခါတစ်ရံ ထမင်းပဲ ချက်ပေးနိုင်ခဲ့လို့ အဲ့လိုနေ့မျိုးဆို ထမင်းစားချိန်မှာ နီးရာအိမ်ကနေ ဆားတောင်းပြီး စားခဲ့ရပါတယ်တဲ့... တစ်နေကုန် ပင်ပင်ပန်းပန်း လှေကြီးလှော်လို့ ဈေးရောင်းရတာမို့ ထမင်းစားချိန်ရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူးတဲ့... ကြုံရာနေရာ လှေထိုးလို့ ထမင်းစားခဲ့ရသူပါ... တစ်ခါတစ်လေ သူဗိုက်ဆာတဲ့အချိန်မှာ လှေထိုးဖို့ သင်္ချိုင်းပဲရှိရင် လှေကို အုတ်ဂူမှာကြိုးချည်ပြီး ထမင်းစားခဲ့ရတာပါတဲ့... အဲ့ဒီတုန်းက သူပုန်ဆိုတဲ့ရန်ကိုလည်း ကြောက်ရတဲ့အချိန်ပေါ့... တစ်ခါတုန်းကတော့ သူထမင်းစားနေတုန်း ခပ်လှမ်းလှမ်းကနေ သူပုန်တွေက လှမ်းခေါ်ပါသတဲ့... ဗိုက်ဆာလွန်းနေတဲ့အဘိုးက ထမင်းကို ကုန်အောင်စားပြီးမှ သွားခဲ့တော့ သူပုန်တွေက မကျေနပ်ခဲ့ဘူးပေါ့... အဲ့ဒီမှာ နှုတ်ချိုလျှိုတစ်ပါးလို့ပဲ ပြောရမလား... ရိုက်မယ် ပုတ်မယ် သတ်မယ် ဖြတ်မယ်လုပ်နေတဲ့ သူပုန်တွေကို အဘိုးက "ကျွန်တော်ဆာလွန်းလို့ပါ ဆရာရယ်... စားရတာကလည်း ထမင်းဖြူနဲ့ ဘဲဥပြုတ်လေးတစ်လုံးနဲ့ပါ... ဒါလေးမှ မစားရဘူးဆိုရင်လည်း ကျွန်တော့်ကို သတ်လိုက်ပါတော့... ဆရာတို့ ပေးတဲ့အသက်ပဲရှိပါတယ်"လို့ သူပုန်ခေါင်ဆောင်ကို အသနားခံရှင်းပြခဲ့ရတယ်တဲ့... နောက် သူ့မှာ ကလေးငယ်ငယ်ပုစုခရုတွေနဲ့ မိန်းမကို ရှာဖွေကျွေးမွေးနေရသူဖြစ်ကြောင်း... မနက်မိုးမလင်းခင်ကတည်းက ထ.ပြီး ဈေးရောင်းရတာမို့ အင်မတန်မှဆာ,နေခဲ့တာဖြစ်ကြောင်း... ထပ်ရှင်းပြတော့ ကြင်နာတတ်ပုံရတဲ့ သူပုန်ခေါင်ဆောင်က ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်ဖူးပါတယ်တဲ့... မိသားစုစားဝတ်နေရေးအတွက် အသက်နဲ့တောင်ရင်းပြီး ဈေးရောင်းကျွေးခဲ့တဲ့ ကျမအဘိုးကို ကျမမိခင်က ကျေးဇူးအရမ်းကြီးတယ်လို့ အမြဲတဖွဖွပြောတတ်ပါတယ်... ဒီလိုနဲ့ ပြည်သူပိုင်သိမ်းထားတာတွေ ပြန်ပေးတဲ့အထိ ဆင်းရဲဒုက္ခအတိနဲ့ ဘဝကို ဒုတိယအကြိမ် ပြန်စခဲ့သူပါ...
သူကိုယ်တိုင် စာဖတ်တတ်အောင် သင်ယူခဲ့သလို သူ့သားသမီးတွေရဲ့ ပညာရေးကိုလည်း အဘိုးက အားပေးခဲ့ပါတယ်... သမီးအကြီးဆုံးဖြစ်တဲ့ ကျမမိခင် ငါးတန်းအောင်တော့ ရန်ကုန်မှာရှိတဲ့ ကျမအဘွားရဲ့ညီမအိမ်မှာ ကျမမိခင်ကို နေစေပြီး ကျောင်းပညာသင်ယူစေခဲ့ပါတယ်... ကိုယ့်သားသမီးကို တစ်ပါးသူအိမ်မှာ နေစေတဲ့အတွက်လည်း လက်ဆောင်ပစ္စည်းတွေကိုလည်း ရက်ရက်ရောရောပေးတတ်ပါတယ်တဲ့... ဒီလိုနဲ့ သုံးနှစ်ကြီးသုံးနှစ်ငယ်တွေဖြစ်တဲ့ ကျမမိခင်နဲ့ဦးလေးအကြီးဆုံးတို့ ရန်ကုန်မှာ တက္ကသိုလ်တက်ရတော့ အဆောင်မှာနေရတဲ့အတွက် မောင်နှမနှစ်ယောက်နေဖို့ လမ်းမတော်မြို့နယ်က လမ်းတစ်လမ်းမှာ ဂုတ်အိမ်လို့ခေါ်တဲ့ လမ်းတစ်လမ်းရဲ့အဝင်စစချင်းအိမ်ကို ဝယ်ပြီး သားသမီးတွေကို ပညာဆက်သင်စေခဲ့တာ သားသမီးခြောက်ယောက်အနက် ငါးယောက်ဘွဲ့ရခဲ့ကြတဲ့အထိပါပဲ... (တစ်ယောက်ကတော့ ဆယ်တန်းအောင်တဲ့နှစ်မှာပဲ ကျောင်းမနေချင်တော့ဘဲ စီးပွါးရေးလုပ်မယ်ဆိုပြီး သူ့ဘာသာ ကျောင်းဆက်မတက်တော့တာပါ...) အချိန်တန် ဘွဲ့ရတော့လည်း ကျမဦးလေးတွေ စီးပွါးရေးလုပ်ကြမယ်ဆိုတော့ လိုအပ်တဲ့ ရင်းနှီးငွေကို အဘိုးက ထုတ်ပေးနိုင်ခဲ့ပြန်ပါတယ်... ဒီလိုမိသားစုဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်ဖို့ ကျမအဘိုးကြိုးစားခဲ့ရတာတွေက ရာဇဝင်တွင်လောက်ပါပေတယ်... ကျမအတွက်တော့ အဘိုးက စံပြပဂ္ဂိုလ်ပါပဲ... ကျမ စိတ်ဓာတ်ကျမိတဲ့အခါတိုင်း အဘိုးကို မြင်ယောင်မိပြီး အဘိုးကြုံခဲ့ရတဲ့ဘဝအတွေ့အကြုံတွေနဲ့စာရင် လက်ရှိကျမသင်ယူနေရတဲ့ ဘဝသင်ခန်းစာဆိုတာ လွယ်ကူနေခဲ့ပါလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးဖြစ်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့က ဘဝကို သုညကနေ စ,ခဲ့ကြရတာမှ မဟုတ်ခဲ့ပဲလေ...
ကျမဘဝမှာ မွေးကတည်းက အဘိုးဆိုလို့ ဒီအဘိုးတစ်ယောက်တည်းပဲ ရှိခဲ့သလို အဘိုးမှာလည်း မြေးဆိုလို့ ကျမတို့ မောင်နှမ သုံးယောက်ပဲ ရှိတာပါ... ငယ်ငယ်ကတည်းက အဘိုးက နယ်မှာပဲ အနေများတာရယ်၊ စည်းကမ်းကြီးတာရယ်ကြောင့် အဘိုးနဲ့မြေးတွေ သိပ်တော့အစေးမကပ်ခဲ့ပေမယ့် အဘိုးက ကျမတို့ကို ချစ်ပါတယ်... ကျမငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်တိုင်း အဘိုးတို့ရှိရာ နယ်ဘက်အမြဲသွားလည် ဖြစ်ပါတယ်... ကျမလာလည်တိုင်း အဘိုးပျော်တတ်တာကို မှတ်မိနေပါသေးတယ်... တစ်ခါက ကျမ နယ်မှာရောက်နေတုန်း အဖျားတော်တော်ကြီးပြီး နေမကောင်းအကြာကြီး ဖြစ်လိုက်ပါသေးတယ်... ဘာစားစား အန်ကြီးပဲနေလို့ ငိုနေခဲ့တာကိုလည်း မှတ်မိသေးတယ်... အဲ့ဒီတုန်းက ဈေးဝယ်သူတွေ ဘယ်လောက်များများ အခန်းထဲမှာ နေမကောင်းနေတဲ့ ကျမကို အိပ်နေသည်ဖြစ်စေ... နိုးနေသည်ဖြစ်စေ... အဘိုးက တစ်ချိန်လုံး နဖူးလာစမ်းနေတတ်ခဲ့တယ်... နိုးနေရင် "ဘယ်လိုနေလဲ"လို့လည်း မေးတတ်သေးတယ်... ဆရာဝန်မရှိဘဲ ဆေးမှူးပဲရှိတဲ့ နယ်ဘက်မို့ မိဘတွေက စိုးရိမ်တကြီးနဲ့ ပြန်ခေါ်ပေမယ့် အဘိုးက "ကလေးသူ့ဘာသာ ပျော်နေတာ နေပါစေ... ရန်ကုန်မှာ မင်းရိုက်တာနဲ့ သေမှာ"ဆိုပြီး ပြန်မလွှတ်တာ မှတ်မိပါသေးတယ်... (ငယ်ငယ်က ကျမမိခင်က ကိုယ်တိုင်ကိုယ်ကျ စာအမြဲမေးပါတယ်... မရရင် ကြိမ်လုံးနဲ့ ရိုက်တတ်လို့ပါ... :P) မှတ်မှတ်ရရ အဲ့ဒီတစ်ခေါက် နေမကောင်းဖြစ်ပြီး စားလိုက်သောက်လိုက်တာ အသားဖြူဖြူ ပိန်ပိန် ကျမ ဝတုတ်မဲတူးပြီး ရန်ကုန်ပြန်သွားလို့ မိဘတွေက အံ့ဩခဲ့ရတယ်... အဘိုးကတော့ အဲ့ဒါကို သဘောအကျကြီးကျပြီး နယ်မှာ လေကောင်းလေသန့်ရတယ်... ကျန်းမာတယ်လို့ ပြောခဲ့ဖူးတာ ရေးတေးတေးမှတ်မိနေပါသေးတယ်...
2009 Aug မှာတော့ အမြဲတမ်း ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ကျမအဘိုး အသဲကင်ဆာရောဂါနဲ့ ကျမတို့ရှိရာ SG ကို ရောက်လာခဲ့ပါတယ်... ရုံးက ခွင့်မရလို့ ညနေရုံးဆင်းမှ ကျမ ဆေးရုံကို ရောက်သွားနိုင်ခဲ့ပါတယ်... ကျမလာတယ်ဆိုလို့ အရိုးအပြိုင်းပြိုင်းကြားက သွားဖွေးဖွေးတွေပေါ်အောင် ပြုံးပြီး ကုတင်ပေါ်ကနေ လက်ကမ်းကြိုနေတဲ့ ကျမအဘိုးကို တွေ့လိုက်ရတော့ ရင်ထဲနင့်ကနဲနေအောင် သနားသွားမိပါတယ်... မြေးတွေကို ဘယ်တုန်းကမှ အလိုမလိုက်ခဲ့တဲ့ အဘိုး... ကျမလက်ကို ကိုင်ထားပြီး ကျမကို ပိန်သွားတယ်လို့ တဖွဖွ ပြောနေခဲ့တာကို သတိရမိနေပါသေးတယ်... နောက်တစ်နေ့မှာ ဆေးရုံက မရတော့ဘူးဆိုလို့ ဆေးရုံကဆင်းဖို့ ရုံးကနေ နေ့တစ်ဝက်ခွင့်ယူပြီး တောင်နဲ့မြောက်လောက်ဝေးတဲ့ အလုပ်ကနေဆေးရုံကို ကိုယ်ပိုင် Laptop ကြီး ပိုက်ပြီး အပြေးသွားခဲ့ရသေးတယ်... အဲ့ဒီအချိန်က ရုံးမှာ Boss ရော admin ရော oversea ရောက်နေလို့ တော်တော်ကို ခွင့်ယူဖို့ ခက်တဲ့အချိန် Boss ကို Request မနည်းလုပ်ပြီး သွားရတာပါ... ဆေးရုံရောက်တော့ အားလုံး သိမ်းဆည်းပြီးလို့ စိတ်မြန်တဲ့ အဘိုးက သွားမယ် တကဲကဲလုပ်နေပါတော့တယ်...
ဆေးရုံကဆင်းဖို့ Deposit ပြန်ထုတ်ဖို့ရယ် လူနာကိုပြရမယ်ဆိုလို့ ကျမကိုယ်တိုင် အဘိုးဝှီးချဲကိုတွန်းပြီး တော်တော်ကြာကြာ အင်ဒိုလို့ထင်ရတဲ့ နပ်စ်မလေးနဲ့ လမ်းလျှောက်လိုက်သွားရင်း နပ်စ်မလေးက ဒါအဘိုးလား ဘာညာမေးသမျှ နပ်စ်မလေးကိုဖြေလိုက်... အဘိုးကို ဘာသာပြန်လိုက်လုပ်နေတဲ့ ကျမကို အဘိုးက ပြုံးပြီး ကြည့်နေခဲ့ဖူးတာကို အမှတ်ရနေပါသေးတယ်... အဘိုးရဲ့အကြည့်ကိုလည်း ကျမနားလည်ခဲ့ပါတယ်... သူ့အမျိုးတွေရှိတဲ့ နိုင်ငံမှာ သူ့မြေးနှစ်ယောက် ဘယ်သူ့အကူအညီမှ မယူဘဲ ရပ်တည်နေနိုင်တာကို ဂုဏ်ယူနေတဲ့အကြည့်မျိုးပါ... အမြဲတမ်း ကျမတို့ကို တွေ့လိုက်တာနဲ့ ကလေးတွေလို စာကြိုးစားဖို့ချည်း ပြောနေတတ်တဲ့ အဘိုးက ကျမတို့ကို လူကြီးတွေအဖြစ် ကျေနပ်စွာ မြင်တတ်ခဲ့ပြီလေ... အဲ့ဒီနောက် ဆေးရုံဆင်းဖို့ အားလုံးပြီးစီးလို့ အဘိုးညီ (အသဲကင်ဆာနဲ့ ပြီးခဲ့တဲ့နှစ်က ဆုံးပါးသွားပါပြီ) အိမ်မှာ သွားတည်းကြမယ်ဆိုတာ့ အဘိုးတို့နဲ့အတူ လိုက်သွားခဲ့ပါတယ်... အပူဒါဏ်ကြောင့်ရော... ပင်ပန်းတာကြောင့် လူမမာအဘိုး မအိပ်ခင် သူတို့အတွက်စီစဉ်ပေးထားတဲ့ မွေ့ယာကြီးပေါ်မှာပဲ အဘိုးဘေးနားမှာ Laptop သုံးရင်း အိပ်ပျော်သွားခဲ့ဖူးပါတယ်... အဘိုး ရန်ကုန်ပြန်ရောက်တော့ "k2 က အပူအပင်ကင်းတယ်... ရောက်တဲ့နေရာမှာ အိပ်ပျော်သွားတာပဲ..."လို့ အမျိုးတွေကို ခဏခဏ ပြန်ပြောပါတယ်တဲ့... "မင်းတို့ကသာ စိုးရိမ်နေတာ ဟိုမှာ ကလေးတွေက သူတို့ဘာသာသူတို့ အဆင်ပြေနေကြတယ်"လို့ ကျမတို့အကြောင်း ပြောတိုင်း အဘိုးက အဲ့ဒီလို ပြောတတ်ပါတယ်တဲ့...
နောက်တော့ အလုပ်ကနေ အမောတကောနဲ့ ပြေးလာတဲ့ ညီမလေး ရောက်လာပြီး အဘိုးတို့နဲ့ တော်တော်ကြာကြာ နေဖြစ်ခဲ့ပါသေးတယ်... တစ်ခုခုဆို အကူအညီရအောင်ပါ... အဘိုးကတော့ "ပြန်... ပြန်..."လို့ တစ်ချိန်လုံး ပြောနေခဲ့ပါတယ်... အဲ့ဒီအဘိုးညီအိမ်ကနေ ကျမတို့ညီအစ်မနှစ်ယောက်ပြန်ကြတော့ တော်တော်လေးတောင် မိုးချုပ်နေခဲ့ပြီ... Bus နဲ့တစ်မျိုး MRT လို့ ခေါ်တဲ့ ရထားနဲ့တသွယ် အိမ်အပြန်ခရီးလမ်းမှာ အဘိုးအကြောင်း နည်းနည်းပါးပါးပြောဖြစ်ကြပေမယ့် အရင်လို ညီအစ်မနှစ်ယောက် စကားတွတ်ထိုးမနေနိုင်ဘဲ အတွေးကိုယ်စီနဲ့ အိမ်ရောက်ခဲ့ကြတယ်... နောက်တစ်နေ့မနက်စောစော အဘိုးတို့ပြန်မယ် လေယာဉ်လက်မှတ်ချိန်းလို့ရသွားပြီလို့ ဦးလေးဖုန်းဆက်မှ ပင်ပန်းပြီး အိပ်လို့ကောင်းနေတဲ့ ကျမတို့ညီအစ်မ နိုးကြတော့တယ်... အလျင်အမြန်ရေမိုးချိုးပြီး အဘိုးအတွက် နို့မှုန့်ဗူး (ကင်ဆာသမားတွေသောက်တာလို့ပြောပါတယ်) ဝယ်ဖို့ အိမ်ကထွက်ကြရတယ်... ဒီမှာက မနက် ၉နာရီလောက်မှ ဆိုင်တွေက ဖွင့်တာဆိုတော့ ဆိုင်ရှေ့ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဆိုင်ဖွင့်ချိန်ကို စောင့်နေခဲ့ရတယ်... ဆိုင်ဖွင့်ပြန်တော့လည်း ဗူးကတစ်ဗူးပဲ ရှိလို့ မြို့ထဲမှာတော့ ရှိနိုင်လောက်တယ်ဆိုပြီး ဘုရားတ,ပြီး ပြေးခဲ့ရတယ်... လမ်းမှာပဲ အလွယ်တကူ Old Chang Kee ဝယ်ပြီး ညီအစ်မနှစ်ယောက် မနက်စာကို ပြီးလိုက်ရတယ်... မြို့ထဲရောက်တော့ ကံကောင်းထောက်မစွာ နို့မှုန့်ဗူးတွေ ရှိနေခဲ့တယ်... ကျမတို့ ပေးနိုင်တာ ဒါပဲရှိတာမို့ မရရအောင် ဝယ်ပေးလိုက်တာပါ... မြို့ထဲကနေ အဘိုးညီအိမ်ကိုသွား သူတို့စကားပြောတာ ထိုင်နားထောင်လိုက် စကားနည်းနည်းပါးပါးပြောဆိုပြီး အဘိုးနဲ့သူ့အမျိုးတွေ ဓာတ်ပုံရိုက်ကြတယ်... နောက် အဲ့ဒီအိမ်ကနေပဲ အဘိုးရဲ့တူ ကျမတို့ ဦးလေးဝမ်းကွဲနှစ်ယောက်က သူတို့ ကားတွေနဲ့ လေဆိပ်ကို လိုက်ပို့ခဲ့တယ်... လေဆိပ်ရောက်တော့ အဘိုးနဲ့အတူ လိုက်လာတဲ့ ကျမဦးလေးအငယ်နဲ့ အဒေါ်အငယ်ဆုံးက ဒါနောက်ဆုံးတွေ့ရတာဖြစ်နိုင်တယ်လို့ ကျမတို့ညီအစ်မကို တိုးတိုးကပ်ပြောတော့ ထိန်ထားရင်းကနေ မျက်ရည်ကျ,မိပါတယ်... အမှတ်တရအဖြစ် ဝှီးချဲပေါ်ထိုင်နေတဲ့အဘိုးနဲ့အတူ ဓာတ်ပုံအတူရိုက်ဖြစ်ကြတယ်... ငယ်ငယ်က အဖိုးနဲ့ ဓာတ်ပုံရိုက်ခဲ့ဖူးလား၊ မရိုက်ခဲ့ဖူးလားမမှတ်မိတော့ပေမယ့် ကျမဘွဲ့ယူတုန်းကနဲ့ ခုတစ်ကြိမ်... နှစ်ကြိမ်တည်း ဓာတ်ပုံအတူတွဲရိုက်ဖူးတာကိုပဲ အမှတ်ရနေပါတော့တယ်... သွားခါနီး ကျမတို့ညီအစ်မကို ကျန်းမာရေး ဂရုစိုက်ဖို့ တတွတ်တွတ်နဲ့ မှာနေခဲ့ပါသေးတယ်... ဒီလိုနဲ့ အဘိုးတို့ မြန်မာပြည်ကို ပြန်သွားခဲ့ကြပါတယ်...
2009 Nov ကျမ မြန်မာပြည်ပြန်ကို ပြန်ခဲ့တုန်းက ပြန်ရောက်ရောက်ချင်းနေ့ အဘိုးအိမ်ကိုသွားတော့ အဘိုးက ကုတင်ပေါ်မှာ အိပ်လျက်လေး... ကျမ ရောက်လာပြီလို့ ပြောတော့ ကုတင်ပေါ်ကနေ ပြုံးရယ်လို့ကြိုနေခဲ့တယ်... ကျမပါးကို ကိုင်ပြီး ဟိုတစ်ခေါက် SG မှာ တွေ့တုန်းကထက် နည်းနည်းပြည့်လာတယ်တဲ့... ပါးတွေ ဖောင်းလာတယ်လို့ ကျမမိခင်ကို ပြောနေခဲ့ပါတယ်... ကျမကို ပြန်တွေ့ရလို့ ဝမ်းသာနေတဲ့ အဘိုးပုံရိပ်ကို ခုထိ မြင်ယောင်မိနေသေးတယ်... ကျမ 2010 Jan မှာ SG ကို ပြန်ရလို့ အဘိုးကိုထိုင်ကန်တော့တော့ "လိုတရ... တတိုင်းရ" လို့ ဆုတွေတစ်ချိန်လုံးပေးနေခဲ့လို့ ဦးလေးတွေ အဒေါ်တွေက အမွှေးတိုင်နာမည်တွေ ရွတ်နေတယ်ဆိုပြီး နောက်ပြောင်နေခဲ့တာကို သတိရနေမိပါသေးတယ်... "ကျန်းမာရေးကို ဂရုစိုက်"လို့ တစ်ဖွဖွမှာနေတဲ့ အဘိုးက သူကိုယ်တိုင် မကျန်းမမာဖြစ်ရခြင်းအပေါ် စိတ်ပျက်နေတယ်ဆိုတာ ကျမ ခံစားလို့ရနေခဲ့ပါတယ်... အဘိုးက ဘယ်တုန်းကမှ ထူးထူးခြားခြား နာမကျန်းမဖြစ်ခဲ့ဖူးလောက်အောင် သန်မာခဲ့တာကိုး... ကျမမိခင်ကတော့ အဲ့ဒီတုန်းက ပြောခဲ့ပါတယ်... "သမီးတို့ နောက်တစ်ခေါက် တွေ့နိုင်တော့မယ် မထင်ပါဘူး"တဲ့... တကယ်ပဲ နောက်ဆုံးတွေ့ခဲ့ရခြင်းပါပဲ... ကျမတို့ မိသားစုအရင်းအချာထဲမှာလည်း ဒါပထမဆုံး သေကွဲဆိုတာကို ခံစားရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်... အဝေးရောက်နေတဲ့အတွက် အရမ်း serious ကြီး ခံစားရတာမျိုး မဟုတ်ပေမယ့် ကျမ အမြဲလေးစားစံထားရတဲ့ ကျမအဘိုးကို ဆုံးရှုံးရတဲ့အတွက် တော်တော်လေးတော့ နှမြောမိပါတယ်... အဘိုးအမြဲပြောတတ်တဲ့စကားလေးတွေကို ညီအစ်မနှစ်ယောက် ပြန်ပြောရင်း အဘိုးကို မြင်ယောင်ကြည့်မိပါတယ်... "စိတ်ထားကောင်းကောင်းထားရင် ကံကောင်းတယ်... စာကြိုးစား..."တဲ့... :) အဘိုးက အတန်းပညာမတတ်ပေမယ့် တစ်ခါတစ်လေ သူပြောတဲ့စကားတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိနေတတ်တယ်... တရုတ်စကားပုံတွေနဲ့လည်း ရှင်းပြတတ်သလို စကားလုံးလှလှတွေသုံးပြီးလည်း ပြောတတ်ပါသေးတယ်...
အဘိုးက တရုတ်လူမျိုးဖြစ်သလို ငယ်ငယ်တည်းက ကိုးကွယ်တဲ့ဘာသာဆိုပြီး တိတိကျကျ မရှိခဲ့ပေမယ့် အလှူအတန်းဝါသနာပါသလို လှူဖို့ရန်လည်း ဝန်မလေးတတ်သူပါ... အဘိုးက အလှူလုပ်တဲ့နေရာမှာ အများအကျိုးရှိမယ့် စာသင်ကျောင်းဆောက်တာ၊ ရေကန်တူးတာ၊ လမ်းဖောက်တာတွေကို စိတ်အရမ်းထက်ထက်သန်သန်နဲ့ လှူတတ်သူပါ... တစ်နည်းအားဖြင့် ခိုင်မာတဲ့အလှုကို သိပ်လှူချင်တဲ့သူတစ်ယောက်ဖြစ်သလို အဘိုးလှူထားတဲ့ ကျောင်း၊ ရေကန်၊ လမ်းပေါင်းလည်း မနည်းလှပါဘူး... တစ်ခါတစ်လေ အဘိုးကိုယ်တိုင် လူအားနဲ့သွားလှူတတ်သေးသူပါ... အရင်တုန်းကတော့ လူတွေကို ကျွေးတာမွေးတာမျိုးကို လှူဖူးတယ်တဲ့... လူတွေက ကောင်းတယ်ပြောသူပြော မကောင်းဘူးပြောသူပြောနဲ့မို့ အဘိုးက "လူတွေက စားတော့သာ ကောင်းတယ် ပြီးရင် နံတယ်နံတယ် ဖြစ်နေကြတာ"လို့ ပြောခဲ့ဖူးပါတယ်... ဒါပေမယ့် နောက်ဆုံးအကြိမ် နယ်မှာ စားစရာရှားပါးလို့ဆိုပြီး မုန့်ဟင်းခါးကျွေးချင်တယ်လို့ချည်း ပြောနေလို့ နေမကောင်းတဲ့ကြားက နယ်ကို သွားပြီး တစ်ရွာလုံးကလူတွေကို မုန့်ဟင်းခါးသွားလှူခဲ့ပါသေးတယ်... တစ်ခြားအလှူတွေလည်း သူ့စိတ်တိုင်းကျ လှူပေးနိုင်ခဲ့တာမို့ အဘိုးစိတ်ချမ်းသာပျော်ရွှင်နေခဲ့မယ်လို့ ကျမ ယုံကြည်နေပါတယ်... နောက်တစ်ခုက နယ်ဘက်က ဘုန်းကြီးတစ်ချို့က သိကြတဲ့အတိုင်း ဘုန်းကြီးဝတ်လိုက်၊ မိန်းမယူလိုက်၊ မိန်းမရှုပ်လိုက်ဆိုတော့ အဘိုးက ဘုန်းကြီးဆို အရင်က သိပ်မကြည်လင်တတ်ပါ... ကျမမိခင်က အဘိုးကို ရန်ကုန်က ဘုန်းကြီးတွေက ဒကာဒကာမတွေ လှူတာထိုင်စားနေတာမဟုတ်ဘဲ စာဖတ်ရ၊ စာသင်ရ၊ တရားဟောရတယ် ဘာညာနဲ့ ရှင်းပြထားတော့ ရန်ကုန်က ဘုန်းကြီးဆို အဘိုးက ကြည်ညိုတတ်တယ်... ကျမနှမြောဆုံးက အဘိုး တရားဆိုတာကို အသေအချာမထိတွေ့လိုက်ရတာကိုပါ... ကျမ အဘိုးနဲ့ ပတ်သက်ပြီး အမြဲ ယုံကြည်ခဲ့တာ တစ်ခုရှိပါတယ်... အဘိုးသာ တကယ်တရားချနိုင်တဲ့ ပုဂ္ဂိုလ်မျိုးနဲ့တွေ့ရင် တကယ်တရားရနိုင်တဲ့ အသိဉာဏ်ပြည့်ဝသူလို့ ကျမ အမြဲတွေးတတ်၊ ယုံကြည်ခဲ့တာပါ... ကျမတို့ငယ်ငယ်က ကျမဖခင် ခရီးဝေးမှာရှိစဉ်က ကျမမိခင်နဲ့ ကျမတို့မောင်နှမတွေ ကျမတို့အိမ်နဲ့ ကျမအဘိုးတို့အိမ်ကို ကူးချည်လာချည်နေခဲ့တာပါ... ကျမမိခင်ကလည်း အလှူကို ဝါသနာထုံသူပီပီ ဘုန်းကြီးကိုးပါး အိမ်မှာ ပင့်လို့ မနက်တိုင်း ဆွမ်းကပ်တတ်သူပါ... (တစ်ခါတစ်လေ ၁၂ပါးအထိရှိတတ်ပါတယ်) မနက်ဆို ထမင်းဟင်းချက်ရ၊ ကလေးကျောင်းပို့ရနဲ့ အလုပ်များလှတဲ့ ကျမမိခင်က ကလေးကျောင်းပို့ပြီးရင် အိမ်ကိုအပြေးပြန်ရပါတယ်... ဘာလို့လဲဆိုတော့ အိမ်ရှေ့မှာ ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းတွေ တန်းစီနေလို့ပါပဲ... အဘိုးနယ်ကနေ ရောက်လာတာနဲ့ ကြုံတဲ့အခါတိုင်း ဘုန်းကြီးတွေကို အိမ်ထဲမှာ နေရာယူစေတတ်သလို တစ်ခါတစ်လေ ဆွမ်းတောင်လောင်းပေးတတ်ပါသေးတယ်... တစ်ခါတစ်လေများဆို စကားပြောကောင်းတဲ့ ဘုန်းဘုန်းတွေနဲ့ စကားတွေရွှန်းရွှန်းဝေအောင် ပြောနေတတ်တာ မှတ်မိပါသေးတယ်... ဘာပဲဖြစ်ဖြစ် နောက်ဆုံးအချိန်အထိ သတိကောင်းနေခဲ့တဲ့... အလှူအတန်းလှူချင်နေတဲ့စိတ်တွေနဲ့ ပျော်ရွှင်နေခဲ့ဖူးတဲ့၊ သားသမီးတွေအတွက် အမြော်အမြင်ကြီးကြီးနဲ့ မှာနေတတ်တဲ့... ကင်ဆာရောဂါခံစားနေရပေမယ့် အိပ်ပျော်နေရင်းနဲ့တစ်ဖြည်းဖြည်း အသက်ထွက်သွားတဲ့... ကျမ လေးစားစံထားရတဲ့... ကျမအဘိုး ကောင်းမွန်ရာသို့ ရောက်နိုင်မှာပါလို့ ယုံကြည်နေသလို ကောင်းမွန်ရာသို့ ရောက်နိုင်ပါစေလို့လည်း ဆုတောင်းပေးနေဆဲပါ...
၂၀ရက်နေ့ မတ်လ ၂၀၁၀ မနက် ၁နာရီ ၁၀မိနစ်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ကျမအဘိုးအား ရည်စူးမှတ်တမ်းတင်ထားတာပါ...။
Created By: k2tmaung (21 April 2010 Wednesday 04:02AM; edided on 06 March 2010 Tuesday 12:23PM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...