ငါက မြက်ပင်ငယ်ဆိုပါစို့...
စိမ်းစိုစိုနဲ့ မြေကွက်လပ်တွေကြား...
အလှတရားနဲ့ လန်းဆန်းနေချင်ခဲ့တာ...
ဒါပေမယ့် အကြင်တရား ခေါင်းပါး...
သစ္စာတရားကို ရောင်းစားတတ်တဲ့ လူတစ်ချို့က...
ကိုယ့်အသားမဟုတ်တိုင်း ရိုင်းစိုင်းစွာနင်းချေတတ်သမို့...
အကြွေစောလို့ ငါတို့ဘဝတူတွေ ငိုကြွေးမြဲ ဖြစ်ကြရတယ်...
ငါဟာ မြက်ပင်ငယ်...
လောကအလယ် အလှမကြွယ်ပေမယ့်...
တွယ်တာတတ်တဲ့ အစွဲနဲ့...
ရဲရင့်တဲ့ မြေကြီးကို ငါ ချစ်တယ်...
သူက မြေကြီးလို့ ဆိုပါစို့...
လူတွေက အနင်းကြမ်းပေမယ့်...
သူ့ဝန်သူထမ်း အပြုံးမပျက်တတ်သူ...
ပင်ကိုယ်ကလည်း မာကျောတယ်...
လောကသဘာဝအရလည်း ခက်ထန်တယ်...
ဒါပေမယ့် ဒဏ်ရာများတဲ့ မြေကြီး...
လောဘကြီးကြီးနဲ့ ချစ်တတ်တယ်...
မြက်ပင်ငယ်က အရွယ်မတင့်တယ်လို့ အားငယ်တယ်...
စိမ်းမြဲစိမ်းဖို့ မြေကြီးကို အမြစ်တွယ်...
လူတွေအလယ် ရွှင်ပြုံးချင်တတ်တယ်...
မြေကြီးဘဝက ခြောက်သွေ့တယ်...
လေအဝေ့တိုင်း ပျော်မြူးတတ်တဲ့ မြက်ပင်ငယ်ကြောင့်...
ကြည်နူးခြင်းနဲ့ ဘဝကို ကျေနပ်ချင်တယ်...
လူ... တစ်ခါတစ်ခါ အသိဉာဏ်မြင့်မားသယောင်ယောင်နဲ့...
ပျက်စီးမှုအထောင်အသောင်းကို ဖန်တီးတတ်တယ်...
ကြင်နာတတ်သလိုလိုနဲ့ ရက်စက်မှုတွေကို ဖန်တီးလိုတယ်...
စောစီးစွာ မကြေသင့်ပေမယ့် ရင်ဘတ်တစ်ခြမ်းမဲ့ လူ...
ကူရာမဲ့တဲ့ မြက်ပင်ငယ်ပေါ် မညှာမတာ ကျီစားတယ်...
ပါးလျလျ ကလူခြင်းပေမယ့်...
စင်းလဲခြင်းကင်းတဲ့ မြေကြီးနဲ့ မြက်ပင်ငယ်...
ရင်မှ ဖြစ်တဲ့ ရေသောက်မြစ်နဲ့ အခိုင်အမာ တွဲဆက်ထားပေမယ့်...
တွဲလက်တွေ ဖြုတ်ခံရတဲ့အခါ...
မြေကြီးလည်း အလှပျက်တယ်...
မြက်ပင်ငယ်ငါလည်း ဘဝပျက်ရတယ်...။
ချစ်သူအတွက်...
Created By: k2tmaung (25 April 2010 Sunday 08:46PM)
ပညာ
1 month ago
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...