ရုန်းကန်နေရတဲ့ မြို့ပေါ်က ဘဝတွေမှာ ရှုပ်ထွေးမှုတွေ ပိုများနေရော့သလား... ရေရာဖို့ကို ကြိုးစားရင်း မရေရာမှုတွေနဲ့ လမ်းတွေ ပျောက်ပျောက်သွားတယ်... ဘဝဆိုတာ ဒီလိုပဲ ခဏခဏ မီးပြတ်တတ်သလား... တစ်ခါတစ်ခါတော့ စိတ်ကူးယဉ်ထားတဲ့ အိပ်မက်တွေ ကျကွဲသွားတိုင်း ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို သိပ်ခါးသီးမိတယ်...
လူတိုင်းမှာ အမှားတော့ ဘယ်ကင်းမလဲလေလို့ ဖြေသိမ့်ဖြစ်တယ်ဆိုပေမယ့် အပ်ကြောင်းထပ်နေတဲ့ ဒီဓာတ်ပြားဟောင်းက ဆေးမတိုးချင်တော့ဘူး... ကိုယ်က မင်းသမီးမဟုတ်တဲ့ ဇာတ်ဆောင်ဆိုတော့ စင်ဒရဲလားလို ဖိနပ်လေးတစ်ဖက်ကိုင်ပြီး လာရှာမယ့် မင်းသားတော့ ဘယ်ရှိမလဲ... ကျရာနေရာက သရုပ်ဆောင်ရမယ်ဆိုပေမယ့် ဒီအပြုံးပိုင်ရှင်က ငိုရတဲ့အခန်းမှာ ပီပြင်ရဲ့လားလို့ မေးချင်တယ် ကံဇာတ်ဆရာ... ကံကိုချည်း ပုံပုံချနေရတာ တစ်ခါတစ်လေတော့ ရှက်မိတယ်... အတိတ်ဘဝက ငါဟာ လူဆိုးမကြီးပါလားလို့... ပြက်လုံးမဟုတ်တဲ့ တကယ့်အမှန်တရားတွေဟာ ဒီလိုပဲ ရယ်စရာကောင်းတတ်ပါတယ်လေ... အမုန်းတရားတွေ ကြီးစိုးတဲ့အခါ တစ်ဆစ်ဆစ်နဲ့ ဆူးစူးနေတဲ့ ရင်ဘတ်ထဲ ဘယ်သူနဲ့ဘယ်သူ တိုက်မှန်းမသိတဲ့ စစ်ပွဲတွေ ပြည့်ကျပ်ဆူညံလို့နေတယ်... အားမတန် မာန်တွေကို လျှော့ရတဲ့အခါ ဘာကိုလှမ်းဆွဲလို့ ဆွဲရမှန်းမသိ ရေနစ်သလို မွန်းကျပ်မှုမျိုးနဲ့ အနာဂတ်က ကာလာဘလိုင်းနဲ့ ဝေဝါးဝါးရယ်... စိတ်တွေကို ပြန်တင်းရတဲ့အခါကျပြန်တော့ တစ်ယောက်တည်း စတိတ်ပေါ် cat walk လျှောက်နေရသလိုမျိုး မြောက်ကြွမြောက်ကြွနဲ့ ဒါပေမယ့် ချော်လဲသွားမလားတော့ ပူရသေးတာပဲလေ...
လူ့ဘဝရဲ့ တစ်ဝက်မရောက်တစ်ရောက်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ကိုးလို့ကန့်လန့်ကြီး ဖြစ်နေသလို ခံစားရတယ်... တကယ်ဆို ငါဟာ နေတစ်စင်းမဟုတ်ပေမယ့် ကိုယ့်အဆင်းနဲ့ကိုယ် လင်းဖို့ ကြိုးစားနေရတဲ့ ကြယ်တစ်စင်း... ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေကြား လွန်ဆွဲ မာန်တင်းရင်း လိုချင်တာလည်းမရ ရတာတွေကိုလည်း ဘဝင်မကျတကျနဲ့ ဘဝက မှိတ်တုတ်မှိတ်တုတ်ရယ်... ဘဝစာမျက်နှာက နတ်ရေးတဲ့ ပန်းချီလို မလှပပေမယ့် ကိုယ်စွမ်းသလောက်တော့ ချယ်သခဲ့တာပဲလေ... အနုပညာဆိုတာ တတ်ကျွမ်းမှုအပြင် ပါရမီဆိုတာပါ ရှိဦးမှ... အပြေးရပ်လို့မရတဲ့ အပြေးပြိုင်ပွဲထဲမှာ ငါဟာ ပုံပြင်ထဲက ယုန်လို အပျင်းကြီးခဲ့သလား... အင်း... ငါ့ကိုယ်ငါ ယုံကြည်မှုလွန်ကဲပြီး အိပ်ပျော်သွားတယ်... အမှားဆိုတာ သင်ခန်းစာဆိုပေမယ့် နောက်ကျောကို ဓားနဲ့ထိုးရင်တော့ ငါလည်းလေ လူပဲမို့ လူဆိုးဖြစ်ချင်မိတယ်... အဖေရယ်အမေရယ် ညညဆို ဖက်ပြီးအိပ်ရလောက်အောင်၊ အနိုင်ကျင့်ခံရတိုင်း တိုင်တောရလောက်အောင် ကိုယ်က ကလေးမှမဟုတ်တော့တာ... သူတို့က ကိုယ့်အရိပ်ဖြစ်ခဲ့ရင် ကိုယ်ထဆို သူတို့ ထိုင်နေလို့မရဘူးလေ... အလင်းရောင်ကို တည့်တည့်ကြည့်လိုက်တယ် ဒါဆိုရင် အရိပ်တွေက ကိုယ့်နောက်မှာ ကိုယ့်ရှိုက်သံကို ဘယ်ကြားတော့မလဲ...
"ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး"လို့ ဘယ်သူ ပြောလဲ... ကိုယ်ကောင်းနေရင်းနဲ့ ခေါင်းတွေ ငိုက်ငိုက်ကျသွားရတာ ဘယ်နှစ်ခါရှိပြီလဲ... ရင်ဘတ်ကို ဓားနဲ့ထိုးပြီးမှ နာလား လာလာမမေးစမ်းပါနဲ့... နာတယ်မနာဘူးဆိုတာ အဲ့ဒီဓားကို ဆွဲနှုတ် ဒဏ်ရာအတိမ်အနက်ကို ကြည့်ပြီးမှ သိနိုင်တာလေ... ဒါမှမဟုတ် ကိုယ့်ရင်ဘတ် ကိုယ်ပြန်ထိုးကြည့်ကြည့်... ခက်တာက လူတွေက အတိတ်မေ့ရောဂါ စွဲနေကြတယ်... ကိုယ့်ဖော်မြူလာနဲ့ကိုယ် ညီမျှခြင်းချနေသမျှ ကိုယ်က အမြဲအမှန်တရားပါပဲ... ဥပဒေဆိုတာ ပြဋ္ဌာန်းမထားတဲ့နေရာတိုင်းမှာ ဘယ်သူမှ တရားခံမဖြစ်ပါဘူး... မင်းတို့ခေတ်ပဲလေ ဆဲချင်သလိုဆဲ ကဲချင်သလိုကဲ ရွဲချင်သလိုသာရွဲ... ကိုယ်ကျင့်တရားတွေ လာဘ်ထိုးလို့ရတဲ့ခေတ်မှာ ကိုယ်ချင်းစာတရားတွေ ဇောက်ထိုးကျနေတာ အဆန်းမှမဟုတ်တာ..
ညက ကောင်းကင်ပေါ်က ကြယ်တွေကို မော့ကြည့်ရင်း ဘယ်ဘက်ရင်အုံပေါ် လက်ကလေးတင် ခပ်တိုးတိုး သို့မဟုတ် အံကြိတ်သံနဲ့ ပြောမိတယ်... "ငါ့ဆုတောင်းတွေ ပြည့်ဖို့ နင်တို့ ကြွေဆင်းပါစေလို့ ငါ ဘယ်တော့မှ ဆုမတောင်းတော့ပါဘူး" လို့... မော့လိုက်စမ်းပါ ကိုယ့်အလင်းနဲ့ကိုယ်... နောင်တစ်နေ့မှာ ခြေရာကျန်ဖို့ ဒီနေ့မှာ ငါ ခြေရာချန်တယ်... ခပ်ရှင်းရှင်းဘဝမှာ သက်ပြင်းတွေ ခဏခဏချဖြစ်တာအပြင် ငါ ဒိုင်ယာရီလည်း ရေးသေးတယ်...
Created By: k2tmaung (12 March 2014 Wednesday 11:45AM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...