ကျမသေသွားခဲ့သော် ကျမ၏ မျက်ကြည်လွှာအစုံအား ပထမဦးစားပေး လှုဒါန်းပေးပါ...
ကျမ အမြင်မှုန်ဝါးဝေဒနာအား နှစ်ပေါင်း ၂၉နှစ်အကြာ ခံစားခဲ့ရတဲ့အတွက် ကျမ မျက်ကြည်လွှာနဲ့ တစ်စုံတစ်ယောက် အလင်းရနိုင်ပါစေ...
ကျမသေသွားခဲ့သော် ကျမ၏ ခန္ဓာမှ ကောင်းမွန်စွာ ကျန်ရှိသော နှလုံး၊အသဲ အတွင်းရတနာ လိုအပ်သူအား ကြည်ဖြူစွာ လှုဒါန်းပေးပါ...
ကျမ ရတနာများ ကောင်းမွန်စွာ ထိန်းသိမ်းမှုမရှိခဲ့သော်ငြား တဒင်္ဂဖြစ်ဖြစ် အသုံးဝင်ပါစေသား...
ကျမသေသွားခဲ့သော် ကျမ၏ မိဘမောင်နှမများ ပူလောင်စွာ မနှမျောပါနဲ့...
ကျမအသက်ရှင်စဉ်တစ်လျှောက် သူတစ်ပါးအပေါ် စိတ်ဆင်းရဲခြင်း အလျဉ်းရစေဖို့ ဆန္ဒတစ်စုံတစ်ရာ မရှိခဲ့၍ ကျမထွက်ခွါမှုအတွက် ကြည်ဖြူနိုင်ပါစေသား...
ကျမသေသွားခဲ့သော် ကျမချစ်သူကို နှစ်သိမ့်ပေးပါ...
လေးနှစ်ကျော်ကြာ တစ်ကိုယ်ကောင်းဆန်စွာ သူနဲ့ ဝေးရာမှာ ကျမ ပျော်ပါးခဲ့၍ သူနဲ့အတူရှိချိန် နည်းပါးတိုတောင်းခဲ့သမို့ သူ့မျှော်လင့်ချက်အတွက် ကျမမေတ္တာဖော်ကျူးလို့ ကျေနပ်ပါစေသား...
ကျမသေသွားခဲ့သော် ကျမအား ချစ်သောသူ ပူလောင်ပြင်းပြ မတမ်းတပါနှင့်...
ကျမ ရှင်သန်ချိန်တစ်လျှောက် သင့်စိတ်ဘဝင်ငြိုငြင် အပြစ်ဖြစ်စေကာမူ မိတ်ဆွေကောင်းအဖြစ် သင့်သည်မသင့်သည် ပြောဆိုကြံပြု စေတနာထားမှုအတွက် မြင်ယောင်ကြားနာ ကျမ၏တည်နေရာအား ဝမ်းသာကြပါစေသား...
ကျမအား မုန်းသောသူ အမုန်းတရား လှူခံစွန့်လွှတ် အေးချမ်းမှုရနိုင်ပါစေ...
ကျမကို မုန်းသော်ငြား ကျမဘက်က ရန်မပြိုင် နိုင်လိုဆန္ဒ မပြင်းပြခဲ့၍ တုံ့ပြန်မထား အမုန်းကြွေကျ ကျမအတွက် သံဝေဂရကြပါစေသား...
Created By: k2tmaung (25 November 2013 Monday 11:20AM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...