Internet လေးသုံးပြီး တစ်ဖက်က Nuggets နဂတ်လို့ ခေါ်တဲ့ McDonald က ကြက်ကြော်အသေးစားလေးတွေ စားနဲ့ ဟုတ်နေတာပေါ့... အဲ့ဒီမှာ ပုရွက်ဆိတ်မဲမဲတစ်ကောင်က Nuggets နဲ့ တွဲစားရတဲ့ ကျမသိပ်ကြိုက်တဲ့ Curry Sauce ဗူး နှုတ်ခမ်းပေါ်ကို လာပြီး ရစ်သီရစ်သီ လုပ်တာပေါ့... အမြင်ကတ်ကတ်နဲ့ ဖူးဆိုပြီး လေနဲ့ မှုတ်လိုက်တာ အဲ့ Sauce ဗူးထဲ ပြုတ်ကျသွားပါလေရော... ဘာနဲ့တူလဲဆိုတော့ ရုပ်ရှင်တွေထဲကလို မင်းသား နွံထဲ နစ်နေတာပေါ့... ဟိုကတော့ မင်းသားဆိုတော့ ပရိသတ်တွေက ရင်တမမ အသည်းတယားယား ဖြစ်နေကြမှာပေါ့နော်... သူကတော့ ပုရွက်ဆိတ်မဲမဲကြီးဆိုတော့ အစားအသောက်နားလာတာနဲ့ လူတွေက အမြင်ကတ်ကြမှာပေါ့... အဲ့ဒါနဲ့ ပုရွက်ဆိတ် Sauce ထဲ နစ်ပြီး ယက်ကန် ယက်ကန် ဖြစ်နေတာပေါ့လေ... ကျမလည်း စိတ်ပျက်လက်ပျက်နဲ့ လက်ညှိုးလေးနဲ့ အသာလေး ကလော်လိုက်တာ... အိ... အဲ့တော့မှာ နွံထဲ နှစ်ချလိုက်သလိုဖြစ်ပြီး သူ့တကိုယ်လုံး Sauce တွေထဲ ဝင်သွားတော့တာပေါ့... သေသွားပြီလားမသိဘူးဆိုပြီး ကျမလည်း သနားသွားတာပေါ့... ကိုယ့်ကြောင့် သေသွားရတယ်ဆိုတော့ ဘယ်စိတ်ကောင်းပါ့မလဲ...
တစ်ရှူးလေးတစ်ရွက်ယူပြီး သူ့ကိုယ်မှာ ပေနေတဲ့ Sauce လေးတွေ အသာတို့၊ လေနဲ့ ဖူးဖူးဆိုပြီး နည်းနည်း မှုတ်ကြည့်တာပေါ့... သူ့ခြေချောင်းလေးတွေ ဖြည်းဖြည်းလေး တို့ကြည့်တွန်းကြည့်နဲ့ တကယ်သေတာမှ ဟုတ်ရဲ့လားပေါ့... အဲ့... အဲ့ဒီမှာ မင်းသားက Sauce နစ်ပြီး မွန်းသွားလို့ထင်ပါရဲ့... သတိလစ်နေတာပေါ့လေ... ကျမက သူ့ခြေချောင်းတွေကို တစ်ရှူးနဲ့အသာတွန်းလိုက် လေနဲ့ မှုတ်လိုက်လုပ်လို့လားမသိ... အဲ့တော့မှ ကုန်းရုံးထ,တော့တာပေါ့... ပြီးတော့ ကျမကို တွေ့တော့ ကြောက်လည်း ကြောက်မှာပေါ့... ဥပမာပြောရရင် လူဝံကြီးက မင်းသားကို လက်ပေါ်တင်ထားသလို ဖြစ်နေမှာပေါ့... ခုမှ သတိရလာကာစ... 'လူ' ကြီးကလည်း သူ့ကို မျက်လုံးကြီး ပြူးပြီး အသေအချာကြည့်နေတာတွေ့တော့... ရုပ်ရှင်တွေထဲကလို "အား........."ဆိုပြီး အော်ချင်အော်မှာပေါ့နော်... ပြီးတော့... "ဟာ... ငါ့ကို သတ်တော့မလားမသိဘူး..."ဆိုပြီး ကြောက်ကြောက်နဲ့ ကုန်းရုံးထ,မှာပေါ့... ဒါပေမယ့် Sauce တွေနဲ့ ပေလူးနေတော့ သူ့ခြေသူ့လက်တွေက ကိုယ်မှာ ကပ်ပြီး ဘယ်ပြေးလို့ ရပါ့မလဲ... အဲ့ဒါနဲ့ ကျမလည်း တစ်ရှူးလေးကို သေးသေးလေးနဲ့ အချွန်လေးလုပ်ပြီး သူ့ကိုယ်က Sauce တွေ ဝိုင်းသုတ်ပေးလိုက်ပါတယ်... သူလည်း ပါးစပ်လေး လှုပ်တုတ်လှုပ်တုတ်နဲ့ Sauce တွေကို စားပစ်ရင်း Sauce တွေကို ဖယ်နေတယ်ထင်ပါရဲ့... ဒီလောက်များတဲ့ Sauce တွေ သူတစ်ကောင်တည်း ဗိုက်ကြီးကားအောင် စားပစ်ဦးတော့... ဘယ်ဖယ်လို့ ကုန်ပါ့မလဲ... ကျမပဲ လူဆိုတော့ အသိဉာဏ်ကြီးသူပီပီ ဖယ်ရှားပေးလိုက်ပါတယ်... Sauce တွေ တော်တော်ဖယ်လို့ ကုန်သွားတော့ သူ့ခြေတွေလက်တွေ အားလုံး သန်သန်မာမာ လှုပ်ရှားလာတာ တွေ့ရတယ်... ဒါပေမယ့် သူ့အောက်ပိုင်းကတော့ လှုပ်လို့ မရသေးပြန်ဘူး... ကျမက တစ်ရှူး သေးသေးချွန်ချွန်လေးကို သူ့ကိုယ်အောက်ပိုင်းကိုသုတ်ပေးဖို့ သူ့နားသွားလိုက်ရင် သူက ရှေ့လက်နှစ်ဖက်နဲ့ တွန်းကန်ထားတယ်... ကျမက တစ်ရှူးကို ပြန်ဆွဲလိုက်ရင် သူက အဲ့တစ်ရှူးကို တွဲခိုပြီး ပြန်ပါ,လာတတ်တယ်... အဲ့လို သုံးလေးခါလောက်လည်း လုပ်လိုက်ရော သူ့ကို ဒရွတ်ဆွဲသလိုဖြစ်ပြီး သူ့အောက်ပိုင်းမှာ ပေနေတဲ့ Sauce တွေက သူ့ကိုတင်ထားတဲ့ တစ်ရှူးမှာ သုတ်ပစ်လိုက်သလို ဖြစ်သွားတာပေါ့... ကျမလက်ဝါးတစ်ဖက်ပေါ် တစ်ရှူးတင်ပြီး သူ့ကိုတင်ထားတာမို့ ကြာတော့ ကျမလက်လည်း တော်တော်ညောင်းလာပါတယ်... ပြီးတော့ သူ့ကိုယ်သေးသေးလေးကို ပြူးပြဲပြီး ကြည့်ရတော့ မျက်စိလည်း တော်တော်ညောင်းပါတယ်... သူလည်း အစ ပထမတော့ သူ့ကို သတ်မလားဆိုပြီး တော်တော်ကြောက်လန့်တကြား ဖြစ်သွားပုံရပါတယ်... နောက်တော့ သူ့ကို မသတ်မှန်းသိတော့ သိပ်ပြီး ကြောက်လန့်တကြား ရုန်းကန်တာမျိုး မဟုတ်တော့ဘဲ သူ့ကိုယ်မှာ ပေ,နေတဲ့ Sauce တွေကို ဖယ်ရှားရင်း စားပစ်နေတယ်ထင်ပါရဲ့... ပါးစပ်လေး လှုပ်လှုပ် လှုပ်လှုပ်နဲ့... နောက်တော့ မစားဘဲ ဘေးချ,ထားတဲ့ ကျမ အစားအသောက်တွေရဲ့ မွှေးပျံ့တဲ့ရနံ့ကြောင့် ထင်ပါရဲ့... နောက်ထပ် သူနဲ့ အရွယ်အစား ခပ်ဆင်ဆင် ပုရွက်ဆိပ်တစ်ကောင် ရစ်သီရစ်သီ လာလုပ်ပါတယ်... အဲ့ဒါနဲ့ ကျမလည်း ကျမလက်ဖဝါးပေါ်က သူ့ကိုတင်ထားတဲ့ တစ်ရှူးစလေးကို မုန့်နား အသာချ,လိုက်ပါတယ်... ကျမတို့ မကြားပေမယ့် သူတို့အချင်းချင်း ကြားနိုင်လုပ်တဲ့ အသံလှိုင်း ဒါမှမဟုတ် သူတို့ချင်း ဆက်သွယ်နိုင်တဲ့ အနံ့အသက်တစ်ခုခုတော့ ရှိမယ်ထင်ပါရဲ့... နောက်ထပ်ရောက်လာတဲ့ ပုရွက်ဆိတ်က Sauce ပေနေတဲ့ ပုရွက်ဆိတ်နား ရောက်လာပါတယ်... ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် ပွစိပွစိ လုပ်ကြပါတယ်... ပြီးတော့ Sauce ပေနေတဲ့ ပုရွက်ဆိတ်ကို နောက်ရောက်လာတဲ့ ပုရွက်ဆိတ်က ရှေ့က ပွစိပွစိ လုပ်လိုက်... နောက်က ပွစိပွစိ လုပ်လိုက်နဲ့ ကျမအထင် သူလည်း Sauce တွေ ဝိုင်းစားပေးနေတာထင်ရဲ့... ခဏအကြာမှာတော့ Sauce ပေနေတဲ့ ပုရွက်ဆိတ် စ,စမ်းပြီး လျှောက်ပါတယ်... အစ ပထမတော့ ဒယီးဒယိုင်နဲ့ အပြိုပြိုအလဲလဲပေါ့... နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာပဲ အောင်မြင်စွာ လျှောက်သွားနိုင်ပြီး ကျမနားက ထွက်သွားပါတော့တယ်...
ဟွန်း... ကျေးဇူးတင်တဲ့ အမူအရာလေးတောင် လုပ်ပြမသွားပါဘူး... အင်းပေါ့... သူလည်း စိတ်ထဲကနေ ပြောချင်ပြောမှာပေါ့... "နင့်ကြောင့် ငါ Sauce နစ်ပြီး သေတော့မလို့ နည်းနည်းပဲ လို,တယ်"ဆိုပြီး... အဲ့ခါကျ ကျမကလည်း ပြောမှာပေါ့... "နင်က ဘာလို့ ငါ့မုန့်ကို လာစားတုန်း"လို့... အဲ့တော့ သူကလည်း ပြန်ပြောမှာပေါ့... "ဟဲ့ ဒါ ငါတို့ဘဝ... ဒီလိုပဲ အသက်အန္တရာယ်နဲ့ ရင်းပြီး ရှာဖွေစားသောက်ရတယ်ကိုး"လို့...
အမှန်တော့လည်း ဟုတ်ပါတယ်... သူတို့က သူ့တို့အတွက် အစာရှာစားကြရုံပါ... ကျမတို့ လူတွေကသာ ကြီးနိုင်ငယ်ညှင်း သေးသေးလေးတွေကို မညှာမတာ ခဏတွင်းချင်းမှာ အကောင်ပေါင်းမြောက်များစွာကို လွယ်လွယ်ကူကူ သတ်ဖြတ်နေကြတာ... တကယ်လို့ အဲ့ဒီ ပုရွက်ဆိတ်တွေကသာ အကြီးကြီးဖြစ်နေရင် ခုလို ကျမတို့ကို ရန်ရှာတာမဟုတ်ဘဲ သူတို့အတွက် အစာလာရှာစားသောက်ကြတာဆိုရင် ကျမတို့ လူသားတွေ သတ်ရဲကြပါ့မလားလို့ ကျမ တွေးမိတယ်... တကယ်လို့ သူတို့က ကျမတို့ လူသားတွေကို ရှုပ်လိုက်တာဆိုပြီး ခြေနဲ့နင်း လက်နဲ့ဖိပြီး သတ်မယ်ဆိုရင်ကော... သတ္တဝါတိုင်း ကိုယ့်အသက်ကို ခင်တွယ်ကြပါတယ်... ကျမက အကြင်နာတရား သိပ်ကြီးမားနေလို့ မဟုတ်ပါဘူး... ငယ်ငယ်က ခြင်ဆို အသေမုန်းပြီး လိုက်လိုက်သတ်ပါတယ်... သွေးချိုတယ်ဆိုလား ဘာလားတော့မသိ လူတွေအများကြီးရှိတာတောင် ကျမတစ်ယောက်တည်း ခြင်ကိုက်တာမျိုး ခဏခဏ ကြုံပါတယ်... ငယ်ငယ်ကဆို ကျောင်းတက်ရင် သူများတွေလို ကျောင်းစိမ်း ဂါဝန်လှလှလေးတွေနဲ့ မဟုတ်ဘဲ ဘောင်းဘီရှည် အင်္ကျီလက်ရှည် ဝတ်ပြီး ကျောင်းတက်ရတာမျိုးလည်း ကြုံရပါတယ်... ကလေးတွေ သွေးလွန်တုတ်ကွေး အဖြစ်များတဲ့နှစ်က အတန်းထဲမှာ ကျမ ပထမဆုံး သွေးလွန်တုတ်ကွေးဖြစ်ပြီး ကျောင်းမတက်ရပါဘူး... အဲ့တော့ ခြင်ဆို သိပ်မုန်းပါတယ်... ဝီဝီ ဝီဝီလို့ ကြားရင် လူကို ငြိမ်ပြီး အသံနားထောင်ပြီးတော့ ဗြန်းဗြန်းနဲ့ သတ်တာပါပဲ...
ကျမမိဘနှစ်ပါးက အရမ်းကြင်နာတတ်သလောက် ကျမကတော့ ငယ်ငယ်က အရမ်းရက်စက်တတ်သူ ဖြစ်ခဲ့ဖူးပါတယ်... ကျမ ခြင်တွေကို အညှိုးတကြီးနဲ့ လိုက်သတ်တိုင်း ကျမမိဘတွေက ကျမကို ငရဲကြီးမယ်နော်...ဆိုပြီး ဆုံးမတတ်ပေမယ့် အလိုလိုက်တဲ့ မိဘဆိုတော့ ကျမ လုပ်ချင်ရာ လုပ်ခဲ့မြဲပေါ့... ကျမရဲ့ အတွေးအခေါ် တစ်နည်းအားဖြင့် ကျမရဲ့ ခြင်မုန်းတီးရေးဝါဒတွေ ပြောင်းလဲသွားတာဟာ 'အကြောက်တရား'ဆိုတာက စ,ခဲ့ပါတယ်... ဆယ်တန်းပြီးခါစ အရွယ်ရောက်စ,မှာ ကျမ သီလရှင်ဝတ်ပါတယ်... အဲ့ဒီကျောင်းမှာ တရားစခန်းလည်း ရှိပါတယ်... မနက်ဆို လေးနာရီလောက်ထ,ရပြီး ၁၅မိနစ်နား တစ်နာရီတရားအားထုတ် လုပ်ရပါတယ်... ကလေးဆိုတော့ တရားရတာတွေ မရတာတွေထက် သူများလုပ်နိုင်တာ လုပ်နိုင်ရမယ်... သူများမလုပ်လို့ အလျှော့ပေးသွားတောင် လုပ်နိုင်ရမယ်ဆိုတဲ့ အပြိုင်အဆိုင် စိတ်ဓာတ် တစ်နည်းအားဖြင့် လောဘနဲ့ ၁၀ရက်ပြည့်အောင် တရားထိုင်ဖြစ်ခဲ့တယ်... အဲ့ဒီကျောင်းက ကျောင်းထိုင်ဘုန်းဘုန်းက တရားရှည်ရှည်မဟောပါဘူး... တိုတိုပဲဟောပါတယ်... ဒါပေမယ့် အဲ့ဒီတုန်းက ကလေးတွေများတော့ ငရဲဆိုတာကို ထည့်ထည့်ဟောပါတယ်... ကလေးဆိုတော့ သေရင် ငရဲရောက်မှာ ကြောက်တာပေါ့... ကြောက်တော့ လူကြီးစကားနားထောင်တာပေါ့... အဲ့လိုနဲ့ တရားစခန်းကထွက်လာပြီး သေရင် ငရဲပြည်သွားရမှာ ကြောက်ပြီး သူများအသက်မသတ်တော့ပါဘူး... ဆိုပြီး ဖြစ်သွားတာပေါ့... ဒါပေမယ့် တရားနဲ့ တဖြည်းဖြည်း ပြန်ဝေးလာတော့ လူပီသစွာ ငရဲတွေဘာတွေလည်း တစ်ဖြည်းဖြည်းနဲ့ မေ့လာတာပေါ့... တစ်နေ့မှာ ကျမ ဘဝမှာ ကြောက်စရာ အကောင်းဆုံး အိပ်မက်လို့ ပြောရမလား... အိပ်မက်တစ်ခု မက်ခဲ့တယ်... အဲ့ဒီအိပ်မက်ထဲမှာ စာကြည့်စားပွဲမှာ စာလုပ်နေတဲ့ ညီမလေးကို လူတစ်ယောက်က ရိုက်သတ်လိုက်တာ ကျမ မြင်လိုက်ရတယ်... ကျမ ကြောက်လန့်တကြား အိမ်နောက်ဖေးမှာ ရှိတဲ့ ကျမ အမေဆီ ပြေးသွားခဲ့တယ်... အဲ့လူက ကျမနောက်က ပြေးလိုက်လာတာ အိမ်နောက်ဖေးရောက်ခါနီး ကျမကို မီသွားပြီး ကျမလည်ပင်းတည့်တည့်ကို ဓားနဲ့ ထိုးစိုက်ဖို့ လုပ်ပါတယ်... ကျမက အဲ့လူလက်ကို ရှိသမျှအားနဲ့ တွန်းကန်ထားရသလို အကြီးအကျယ်ငိုကြွေးရင်း ကျမအမေကို အသံကုန်ဟစ်ပြီး အော်ခေါ်ပါတယ်... ကျမအမေ ကျမဆီ ပြေးလာပြီး အဲ့လူလက်ထဲက ဓားကို လု,ပေမယ့် အဲ့လူက အရမ်းသန်ပြီး လုမရပါဘူးတဲ့... နောက်တော့ ကျမအမေက အဲ့လူကို ထုရိုက်နေတာတောင် အမေ့ကို ဘာမှ ပြန်မလုပ်ဘဲ ကျမကိုပဲ ဓားနဲ့ ထိုးမယ်လုပ်နေပါတယ်တဲ့... အိပ်မက်က လန့်နိုးတော့ ချွေးတွေရွှဲပြီး ကြောက်လိုက်ရတာ... ငိုလိုက်ရတာ... အဲ့ဒီနောက်က စ,ပြီး ကျမအသက်ကို ကျမချစ်တတ်လာတယ်... ကျမအသက်ကို ချစ်တတ်လာသလို သတ္တဝါတစ်ကောင်ကောင်ကို သတ်ချင်စိတ်ဖြစ်လာရင် အဲ့ဒီအိပ်မက်က ကျမကို ကိုယ်ချင်းစာစိတ်တွေအဖြစ် ပြောင်းလဲပေးပြန်တယ်...
နောက်ပိုင်း ကျမ ခြင်တွေကို မသတ်တော့ပါဘူး... ခြင်ထောင်ထဲ ခြင်ဝင်နေရင် ခြင်အဖမ်းကျွမ်းတဲ့ကျမ ငြိမ်ပြီး ဝီဝီ ဝီဝီ အသံကို နားထောင်ပါတယ်... ပြီးရင် လက်သီးဆုပ်လိုလုပ်ပြီး ဖမ်းပါတယ်... ပြီးရင် ခြင်ထောင်အပြင်ကို လွှင့်ပစ်ပါတယ်... တစ်ခါတစ်လေ အဖမ်းမတော်လို့ လက်ချောင်းကြားညပ်ပြီး သေသွားရင်တော့ 'ငါ တမင် သတ်တာမဟုတ်ပါဘူး' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်မိတယ်... တစ်ခါတစ်လေကျ ဪ... ငါသွေးသောက်ပြီး သူလည်း ဗိုက်ဝ,တာပေါ့ဟာ... ဆိုပြီး ပေတေပြီး အိပ်ပစ်လိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်... အဲ့လိုနဲ့ ခြင်တွေကို ခွင့်လွှတ်တတ်လာတယ်... တစ်ခါတစ်လေ ပင့်ကူမျှင်မှာ ပုရွက်ဆိတ်လေးတွေ ငြိနေတာ မြင်တိုင်း၊ ပင့်ကူက ပုရွက်ဆိတ်လေးတွေ တစ်ခြားအကောင်လေးတွေကို ရစ်ပတ်နေတာမြင်တိုင်း ကျမအိပ်မက်ကို မြင်ယောင်မိတယ်... သူတို့လည်း အိပ်မက်ထဲမှာ ကျမအော်ငိုပြီး အမေကို တ,သလို သူတို့လည်း တစ်စုံတစ်ယောက်ရဲ့ အကူအညီကို အော်ဟစ်အကူအညီတောင်းနေမှာပဲလို့ တွေးမိတယ်... အဲ့လိုလေးတွေမြင်တိုင်း ပင့်ကူကို မောင်းထုတ်ပြီး ပင့်ကူအိမ်က ပုရွက်ဆိတ်လေးတွေ ပိုးကောင်လေးတွေကို ကယ်တင်မိတယ်... တစ်ခါတစ်ခါကျ အကောင်နည်းနည်းကြီးတဲ့ ပင့်ကူတွေက သူတို့အစာကို လုလို့ မကျေမချမ်းနဲ့ ကျမယူနေတဲ့ သူတို့ အစာနားကို ပြန်ပြန်ပြေးလာတတ်တယ်... ကျမနဲ့ပင့်ကူနဲ့ အကောင်ချင်းမမျှတော့ နောက်ဆုံးမှာ ပင့်ကူပဲ အရှုံးပေးရစမြဲပေါ့... ပင့်ကူမျှင်တွေနဲ့ လုံးထွေးငြိတွယ်နေတဲ့ ပုရွက်ဆိတ်လေးတွေ အကောင်လေးတွေကို ပင့်ကူမျှင်တွေ စိတ်ရှည်လက်ရှည်ရှင်းပေးပြီးလို့ သူတို့ လွတ်မြောက်သွားတဲ့အခါ ကျမ အတိုင်းမသိ ဝမ်းသာမိတယ်... တစ်ခါတစ်လေ ကံဆိုးပြီး ခြေထောက်တွေဘာတွေ ပြတ်သွားရင်တော့ သူတို့ကို တိုးတိုးလေး တောင်းပန်မိတယ်... "အသက်မသေဘဲ ခြေတစ်ဖက်ပဲ ဆုံးသွားရတယ်လို့ မှတ်ပြီး ကျေနပ်လိုက်ပါ"လို့... နောက်ပြီး အိမ်မှာ ကြောင်လေးတွေရှိတော့ စာကလေး၊ အိမ်မြှောင်၊ ပိုးဟက်တို့ကို သူတို့က ဖမ်းပြီးစော့ချင်ကြတယ်လေ... ကြွက်ကတော့ တော်တော်ကံဆိုးပြီး ဝင်လာတတ်တဲ့ ကောင်မှပဲ သူတို့ ဖမ်းလို့ရတာဆိုတော့ တစ်ခြားအကောင်လေးတွေကို လိုက်လိုက်ဖမ်းရတာ အမောပေါ့... အိမ်မှာမွေးပြီး ကြီးတဲ့ကြောင်လေးတွေဆိုတော့ သူတို့က ဖမ်းပြီးပဲ စော့ကြတာ စားကြတာတော့ မဟုတ်ပါဘူး... သူတို့ အကောင်ဖမ်းလာပြီဆို အိမ်မှာ ဝုန်းဝုန်းဒိုင်းဒိုင်းကို ဖြစ်လို့... ကြောင်လိုက်ဖမ်းပြီး သူတို့ကိုက်ထားတဲ့ အကောင်ကို ပြန်လွှတ်အောင်လုပ်ရတာ အမော... ကြောင်တွေကို ဂုတ်ကနေ မိမိရရကိုင်ပြီး နားရွက်ကို ပြင်းပြင်းတောက်ရတယ်... တစ်ခါတစ်လေ ကြောင်လေးတွေကလည်း စိတ်ကြီးတယ်... သူတို့အသားနာတော့ ကိုက်ထားတဲ့ ကောင်ကို အောက်ပြုတ်မချခင် ကိုက်သတ်ပစ်လိုက်တာမျိုးက ရှိသေးတယ်...
နောက်ထပ် အမှတ်ရစရာတစ်ခုက... ၂၀၀၈ခုနှစ် ကျမတစ်ယောက်တည်း ရုံးသွားဖို့ MRT ကို လမ်းလျှောက်လာခဲ့တယ်... ကျီးကန်းတစ်ကောင်က ဘာငှက်အမျိုးအစားမှန်းမသိတဲ့ စာကလေးလို အကောင်သေးသေးလေးကို ကိုက်ချီလာပြီး ကျမနဲ့ ခြေလှမ်းဆယ့်ငါးလှမ်းလောက်အလိုမှာ မြေပြင်ကို ဘုတ်ကနဲ ပစ်ချလိုက်ပါတယ်... ပြီးတော့ အဲ့ဒီငှက်သေးသေးလေးရဲ့ ခေါင်းကို သူ့နှုတ်သီးကြီးနဲ့ တဆတ်ဆတ်ထိုးတာ ဟိုငှက်သေးသေးလေးက အော်လိုက်တာလေ... ကျမလည်း ရုတ်တရက်ဆိုတော့ သူတို့ဆီ ရှူးရှူးဆိုပြီး ပြေးသွားလိုက်မိတယ်... အဲ့ဒီမှာ အဲ့ဒီကျီးကန်းက ငှက်ကလေးကို ပြန်ကိုက်ချီပြီး ကျမနားက ပျံသွားပါတော့တယ်... ကျမ ပြန်တွေးလိုက်တိုင်း စိတ်မကောင်းဖြစ်ပြီး အသုံးမကျ,လိုက်တဲ့ ငါ... လို့ ခဏခဏ အပြစ်တင်မိတယ်...
တစ်ချို့က ပြောကြတယ်... သူများပါးစပ်နားရောက်နေတဲ့ အစာတစ်ခုကို မလုကောင်းဘူးတဲ့... သူ့ဘဝ သူ့ကံပဲ ရှိပါစေတဲ့... ကျမကတော့ ကျမမျက်စိရှေ့ မြင်ရရင် အဲ့လိုစိတ်ထားပြီး ဥပက္ခာမပြုနိုင်ပါ... တကယ်လို့ ကျောခိုင်းလိုက်မိရင်တောင် ကျမ ခဏခဏ ပြန်တွေးပြီး သတိရနေမိတတ်တယ်... အဲ့ဒီလို မတင်မကျ,ဖြစ်လာတိုင်း ဆင်ခြေတစ်ခုထုတ်မိတယ်... "ငါက အသက်တစ်ချောင်း ကယ်တာ... သူများအစာလုတာ... မဟုတ်ဘူး..."ဆိုပြီးတော့ပေါ့... လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက အလုပ်ထွက်ပြီး မြန်မာပြည်ပြန်တဲ့အချိန် ကျောင်းလျှောက်ထားတာလည်းမကျသေးတော့ စိတ်ညစ်ညစ်နဲ့ တရားစခန်းသွားဖြစ်ခဲ့တယ်... ပြန်ထွက်တဲ့နေ့မှာ အဲ့ဒီက ဘုန်းဘုန်းကို မေးတော့ ဘုန်းဘုန်းကရယ်တယ်... သူလည်း သူ့ဆရာကို မေးဖူးတယ်တဲ့... အသက်တစ်ချောင်းနဲ့ အစားတစ်လုတ် ဘယ်ဟာက ပိုအရေးကြီးလဲလို့ ပြန်မေးလိုက်ပြီး ဘုန်းဘုန်းက ပြုံးနေတယ်...
မကြာမကြာ chinese တွေ ပြောတတ်တဲ့စကားတစ်ခွန်း ကျမ နားယဉ်နေခဲ့တာ ကြာပါပြီ... အသားငါးကြိုက်တဲ့သူကို သူတို့က "ren si dong` wu`" "(ရ)လျန့် စစ် တုံ့ ဝု" "သတ္တဝါတွေကို သေစေတဲ့သူ"တဲ့... သစ်သီးသစ်ဥသာ ကြိုက်ပြီး အရွက်မကြိုက်တဲ့ ကျမအတွက် လူအများနဲ့ ထမင်းစားတိုင်း ကျမ မျက်နှာငယ်မိတယ်... ကိုယ့်ကိုယ်ကိုယ်လည်း အသားစားလူသားတစ်ယောက်လို ခံစားမိတယ်... chinese နှစ်ဦးက ကျမကို အထက်က စကားနဲ့ တိုက်ရိုက်ပြောဆို သုံးနှုန်းဖူးတယ်... အဲ့လို ပြောခံရတော့ စိတ်လည်းတိုတယ်... ဒေါသလည်း ဖြစ်မိတယ်... တစ်ယောက်ကိုတော့ ကျမ အထက်အရာရှိမို့ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင်လိုက်ပေမယ့် နောက်တစ်ယောက်ကိုတော့ မျက်နှာကို တည့်တည့်ကြီးပြီး မေးခွန်းတစ်ခုကို တစ်လုံးချင်း မေးခွန်း ပြန်ထုတ်ခဲ့ဖူးတယ်... "သတ္တဝါတွေကို သေစေတဲ့သူလို့ ပြောရအောင်... ငါ့ လက် နဲ့ သ တ္တ ဝါ တွေ ကို သတ် တာ နင် ဘယ် နှစ် ခါ မြင် ဖူး လဲ" လို့...
နည်းနည်းတော့ ကြာပါပြီ... စာစောင်တစ်ခုမှာ တွေ့ဖူးလိုက်တယ်... ကြက်ကပြောတယ်... "ငါတို့ကို မသတ်ပါနဲ့... ကြက်ဥတွေ ပေးပါမယ်"တဲ့... နွားကပြောတယ်... "ငါတို့ကို မသတ်ပါနဲ့... နွားနို့တွေ ပေးပါမယ်..."တဲ့... တစ်ချို့ကလည်း ခြေလေးချောင်းသား ရှောင်ပြီး ငါးတွေ ပုဇွန်တွေ စားကြတယ်... အမေက အဲ့တုန်းက သူ့အယူအဆကို ပြောဖူးတယ်... "ခြေလေးချောင်းသတ္တဝါတွေက အကောင်ကြီးလို့ သတ်ဖို့ အသက်ပြင်းလို့ လူတွေက ရှောင်ကြတယ်... ဒါပေမယ့် အကောင်ကြီးတစ်ကောင်သေရင် လူတွေ အများကြီး စားရတယ်... ငါးတို့ ပုဇွန်တို့ကျ လူတစ်ယောက်စားရဖို့ သူတို့အသက်ပေါင်းများစွာ သေကြရတယ်..."တဲ့... ကျမ အမေပြောတဲ့ စကားလေးကို သဘောကျ,တယ်... အဲ့ဒီအချိန်က စ,ပြီး တတ်နိုင်သလောက် ကျမ ရေသတ္တဝါ (သို့) seafood ရှောင်ပါတယ်... နဂိုကတည်းကလည်း seafood သိပ်မကြိုက်လို့ တစ်ခါတစ်လေလည်း Allagy ဖြစ်တတ်တော့ အပေါင်းအသင်းတွေနဲ့ ဆိုင်တွေဘာတွေ ရွေးတိုင်း seafood allagy ဖြစ်တတ်တယ်လို့ပဲ ကျမ ငြင်းလေ့ရှိတတ်တာ အမေပြောတဲ့ အယူအဆလေး ခေါင်းထဲ ဝင်နေလို့ပါပဲ... နောက်တစ်ခုက သက်သတ်လွတ်စားတာဟာ အရှင်ဒေဝဒတ်က စ,ခဲ့တာ... ဘုရားဟောတရားထဲမှာ မပါ,လို့ သက်သတ်လွတ်စားရင် ကုသိုလ်ရတယ်ဆိုတာ မဟုတ်ပါဘူးတဲ့... ဒါပေမယ့် စာအုပ်လေးတစ်အုပ်မှာ ဖတ်လိုက်ရတယ်... ဒကာတစ်ယောက်က ဘုန်းဘုန်းကို လျှောက်တယ် (အတိအကျကြီးတော့ မမှတ်မိပါ)... "တပည့်တော် သက်သတ်လွတ်စားတဲ့အခါတိုင်း သတ္တဝါတွေ အသက်ဘေးမှ ငြိမ်းချမ်းပါစေဆိုတဲ့ စိတ်ထားပါတယ် ဘုရား"တဲ့... ဘုန်းဘုန်းက မိန့်တယ်... "သက်သတ်လွတ်စားလို့ ကုသိုလ်မရပေမယ့် အဲ့လိုစိတ်ထားလေးနဲ့ တစ်နေကုန်နေတော့ ကုသိုလ်တစ်မျိုး ရတာပေါ့..."တဲ့... ကျမ အရမ်းသဘောကျ,မိတယ်... သက်သတ်လွတ်စားတယ်ဆိုပြီး သူများအသက်သတ်နေရင် ဘာထူးဦးတော့မှာလဲ... တစ်ချို့ကလည်း အကွန့်တတ်တယ်... ကိုယ်တိုင်တော့ လက်နဲ့ မသတ်ပါဘူး... အရှင်တွေကို စားသောက်ဆိုင်တွေမှာ လက်ညှိုးထိုးပြီး ဝယ်စားနေကြတယ်... "ငါ့အတွက် ဒီအကောင်ကို သတ်ပေး"လို့ ပြောတာနဲ့ ဘာထူးမှာလဲ... ရှေးခေတ်က လူသတ်သမားတွေဆိုတာ ရှိတယ်မဟုတ်လား... ဘုရင်တွေက 'သတ်စေ' လို့ အမိန့်ပေးလိုက်ရင် သူတို့စိတ်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ သူတို့ တာဝန်အရ လူသတ်ရတယ်လေ... သေစေလိုတဲ့ ဆန္ဒနဲ့ သတ်တာမဟုတ်တဲ့အတွက် သူသတ်သမားဟာ သူတစ်ပါးအသက်ကိုသတ်တယ်ဆိုတဲ့ အပြစ်ကြီးမဖြစ်ဘဲ 'သတ်စေ'လို့ အမိန့်ပေးတဲ့ ဘုရင်က ပိုပြီး အပြစ်ကြီးတယ်လို့လည်း မှတ်သားဖူးပါတယ်...
ကမ္ဘာကြီးမှာ အသားစားတတ်ဖို့ ဘယ်သူတွေ စ,တင်ခဲ့ကြတာပါသလဲ...???????? သွေးညှီနံ့တွေကို ဆေးကြောပြီး အမွှေးနံ့သာတွေနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ဘယ်သူတွေ တီထွင်ခဲ့ကြပါသလဲ...???????? လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ ဖြစ်စဉ် ဘယ်တော့ အဆုံးသတ်နိုင်မလဲ...????????
ကျမထင်ပါတယ်... သတ္တဝါတိုင်း သူတို့အသက်ကို ခင်တွယ်ကြမယ်လို့... သေးသေးမွှားမွှားလေးပဲဆိုပြီး လက်နဲ့ ဖိခြေလိုက်၊ ခြေနဲ့ ဖိခြေလိုက်ပေမယ့် သူတို့ကိုယ်ပေါ် ကျ,လာတဲ့ စက္ကန့်ဝက်မျှသော အရိပ်တစ်ခုအောက်က လွတ်အောင် သူတို့ ပြေးကြမှာချည်းပါပဲ... တကယ်လို့ လောကကြီးမှာ ကျမတို့ထက် ပိုကြီးတဲ့ ဒိုင်နိုစောလို သတ္တဝါကြီးတွေ ပေါ်လာခဲ့ရင်... ကျမတို့သာ ကျမတို့အလွယ်တကူ သတ်လို့ရတဲ့ သတ္တဝါလေးတွေရဲ့ နေရာကို ရောက်သွားခဲ့ရင်..............
Created By: k2tmaung (24 June 2012 Sunday 02:58AM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...