Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



ဒီ"ပန်းကမ္ဘာမျှော်စင်"သီချင်းလေးတွေ့ပြီး တုန်းက ကျောင်းကပွဲလေးကို သတိရမိသွားတယ်... :)

လူတွေရွေးပြီး အကတိုက်နေတော့မှ တစ်ယောက်က ထွက်သွားလို့ထင်တယ်... ကိုယ်က ထွက်သွားတဲ့သူနေရာမှာ ဝင်ပါဖြစ်သွားတာ... အတန်းပိုင်ဆရာမက သမီး က,မလား... တစ်ခါတည်းဆုံးဖြတ်ပြီး ပြောရမှာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်မလုပ်ရဲဘူးလေ... ဘာလုပ်လုပ် မိဘကို မေးရသေးတာကိုး... အဲ့တုန်းက အိမ်မှာ ဖုန်းမရှိတော့ ဦးလေးကို ဖုန်းဆက်တယ်... လုပ်ချင်လုပ်တဲ့... တစ်ခါမှ မလုပ်ဖူးတော့ အထူးအဆန်းနဲ့ ပါချင်တာကိုး... အတန်းထဲကပဲ ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်း ပါတော့ ကိုယ်လည်း ပါချင်တယ်... သူကလည်း ခေါ်တော့ ပိုပါချင်တာပေါ့... အဲ့တော့ ပါမယ် ကမယ်ပေါ့... အိမ်လည်း ရောက်ရော အဖေက ရှုပ်ရှုပ်ယှက်ယှက် မကရဘူးတဲ့...နောက်နေ့ မနက်ကျ သူငယ်ချင်းက အကတိုက်ဖို့ အကသင်တဲ့ဆရာမဆီသွားမယ်ဆိုပြီး လာခေါ်တယ်... အဖေက လုံးဝမသွားရဘူးတဲ့... သူငယ်ချင်းကို မလိုက်တော့ဘူးဆိုပြီး အိမ်အောက်ဆင်းပြောပြီး ငိုဖြစ်တယ်ထင်တယ်... :D အမေက ချော့မော့ပြီး ဈေးသွားမယ်ဆိုပြီး အတင်းခေါ်တယ်... အမေက ဈေးခေါ်သွားတယ်ဆိုပြီး အကတိုက်တဲ့ ဆရာမအိမ်ကို လိုက်ပို့ပြီး ဆရာမကိုပါ လိုက်ရှင်းပြပေးတယ်...


ကိုယ်က ငယ်ငယ် ကလေးဘဝကတည်းက ဘာသီချင်းဖွင့်ပေးပေး က,ရတာ ပျော်တဲ့သူ... အဖေက အမြဲမေးဖူးတယ် တန်ဆောင်တိုင်ပွဲတွေမှာလို စင်ပေါ်တင်ပေးမယ် က,မလားလို့... မေးတိုင်း က,မယ်လို့ပဲ ဖြေခဲ့ဖူးတယ်... အဲ့လောက်ရူးသွပ်တာ... ဒါပေမယ့် တကယ့်တကယ်ကျ ကျောင်းကပွဲလေးတောင် အဖေက ပေးမက,ပါဘူး... :D အဲ့ဒါနဲ့ အဲ့လိုနဲ့ အမေ့ကြောင့် ကျောင်းကပွဲမှာ က,ဖြစ်သွားတယ်... ကိုယ်က နောက်မှဝင်လာတဲ့သူဆိုတော့ သီချင်းလည်းမသိဘူး ရှေ့ကတိုက်ထားတဲ့ ကကွက်တွေလည်း နောက်မှလိုက်ပြန်သင်ရတယ်... ကတ်ဆက်က ဘာဖြစ်တယ်မသိ ပျက်သွားလို့ ဖွင့်မရ... သီချင်းကို သူငယ်ချင်းဆီကနေ စာရွက်နဲ့ကူးပြီး အိမ်မှာ အမေ့ကိုပြတော့ အမေက ဆိုပြမှ ကြားဖူးတာ... အဖေကတော့ ကြည့်မရဘူးပေါ့လေ... :D

အဖွဲ့မှာ မိန်းကလေး ဆယ့်နှစ်ယောက်ပါ,တယ်... ကိုယ်က အဲ့တုန်းက အရပ်အရှည်ဆုံး (ငယ်ငယ်ကတော့ တော်တော်ရှည်သလိုပဲ ကြီးမှ ပုပြီး ကျန်ခဲ့တာ :D) တော်တော်ပျော်ဖို့ ကောင်းခဲ့တယ်... ထမင်းစားချိန်မျိုးတွေမှာ ကျောင်းရဲ့ အပေါ်ဆုံးထပ် ဟောခန်းမှာ အကတိုက်ကြတာ... အဲ့တုန်းက ကျောင်းက မူလတန်းကျောင်းနဲ့ မပေါင်းသေးသလို အလယ်တန်းနဲ့အထက်တန်း နှစ်ချိန်ကျောင်း... ဆိုတော့ ကျောင်းမှာ ကိုယ်တွေက fresher ကလေးလေးတွေပေါ့... တကယ်က,ရတော့ အဖေက မလိုက်ဘူး... အမေရယ် အဖွားရယ် ကျောင်းလိုက်လာပြီး အားပေးတယ်... ဓာတ်ပုံရယ်လည်း မှတ်မှတ်ရရမရှိပါဘူး... သူငယ်ချင်းဆီမှာတော့ သူ့အစ်မရိုက်ပေးထားလို့ ရှိတယ်ထင်တယ်... မိန်းကလေး ဆယ့်နှစ်ယောက်မှာ အရပ်တူတဲ့ နှစ်ယောက်စီ တွဲပေးထားတယ်... အဲ့နှစ်ယောက်ကလည်း ဝတ်စုံအရောင်တူ ပဝါနှစ်စ ဆင်တူလေးတွေနဲ့... ကိုယ်တွေက အနီရောင်... တကယ်က,ရမယ့် မနက်မှ အမေ့ကို လက်သည်းနီအနီရောင် ဆိုးခိုင်းတာ မှတ်မိတယ်... နှုတ်ခမ်းနီကလည်း အနီ... နားကပ်ကလည်း အနီ... အဲ့တုန်းက နားပေါက်မရှိတော့ ကပ်နားကပ်ဝယ်ပေးဖို့ အမေ့ကို ပူဆာရသေးတာ... နားကပ်က တပ်နေကျလည်းမဟုတ် လေးလည်းလေးလို့ တော်တော်နာတာ... လှချင်တော့လည်း သီးခံရတာပေါ့လေ...

မနက်တစ်ခါ ညနေတစ်ခါ နံပါတ်စဉ် (၃) ကနေ က,ရတာ... ... အဲ့ မှတ်မှတ်ရရနဲ့ ရယ်စရာအကောင်းဆုံးက ညနေကျမတို့ အလယ်တန်းချိန်မှာ သီချင်းစဖွင့်ဖွင့်ခြင်း ကက်ဆက်က ဘာဖြစ်တယ် မသိ ထစ်ပြီးရပ်ရပ်သွားတာ... အဖွဲ့ဝင် ၁၂ယောက်လုံးက ဒူးထောက်ထိုင်နေကြပြီး ကျမနဲ့ ကျမနဲ့တွဲရတဲ့ တစ်ယောက်က ပဝါလေးတွေ စမြှောက်ပြီး က,ရတယ်လေ... ထစ်တဲ့နေရာက သီချင်းအစ ကျမတို့ ထိုင်ရာကနေ အထမှာ... ကုန်းကွကွနဲ့ ထိုင်ရမလို ထရမလိုနဲ့ အောက်က ကျောင်းသားတွေကလည်း တဝါးဝါး ရယ်ရော... နှစ်ခါလား သုံးခါလားမသိပေါင်... အူကြောင်ကြောင်နဲ့ ထိုင်လိုက်ထလိုက်နဲ့ပေါ့... စိတ်လှုပ်ရှားရတဲ့အထဲ အဲ့လိုမျိုးလေးက အမှတ်တရပေးဖြစ်လိုက်သေးတယ်... :) အဖွဲ့လိုက်လည်း ဆုချတာရှိသလို တစ်ယောက်ချင်းဆုချတာတွေလည်းရှိတယ်... အဲ့တုန်းက ကိုယ်တွေအဖွဲ့က ဆုအများဆုံးရတယ်... :D ဆုချလို့ရတာတွေကိုတော့ ကျောင်းမှာ ပြန်လှူလိုက်တယ်... ဘဝမှာ ကျောင်းအသစ်မှာ fresher အမှတ်တရ အပျော်ဆုံး အမှတ်တရလေးပေါ့...

အဲ့ ပန်းပွါးအဖွဲ့မှာ လူရွေးတာပါ,ပြီး က,ပြီးကတည်းက က,ကိုမကချင်လောက်အောင် ဖြစ်သွားတာ... မနက်အစောကြီးထရ နေပူထဲလေ့ကျင့်ရ စာလည်းမသင်ရ ဒီကြားထဲ ဆရာမအဆူအဟောက်က ခံရသေး... ကျောင်းကပွဲတုန်းကလို ပျော်စရာမကောင်းပေမယ့် အပြန်မှာ သီချင်းတွေအော်အော်ဆိုရတာ သူငယ်ချင်းတွေနဲ့တူတူဆိုတော့လည်း သူ့ဟာနဲ့သူတော့ အမှတ်တရလေးတွေနဲ့ လွမ်းဆွေးစရာလေးပါပဲ... ကျောင်းကပွဲတုန်းက ဆရာမက ဒေါ်မော်မော်တင်တဲ့... ကိုယ့်နာမည်အရှည်ကြီးကို နောက်ဆုံးက "မောင်" ဖြုတ်ပြီး ခေါ်တာလည်း မှတ်မှတ်ရရပါပဲ... ဘယ်လောက်ပဲ စာတွေ ကျက်ရကျက်ရ ဆရာဆရာမတွေက စာမေးလို့ကြောက်ရကြောက်ရပေါ့နော် ကျောင်းသူဘဝ ကလေးဘဝက အပျော်ဆုံးအချိန်ပါပဲ...

Created By: k2tmaung (15 May 2014 Thursday 11:21AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..