Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...





















မြန်မာပြည်ကို ပြန်သွားပါတယ်... ကြိုတင်စီစဉ်ထားခဲ့သလိုပါပဲ... မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ရ... ချစ်သူနဲ့ ပြန်တွေ့ရလို့ ဝမ်းသာရ... လျှောက်သွားကြပေါ့ကွယ်... အဲ... ဒီလိုနဲ့ နှစ်ပတ်ပြည့်တော့ SG ပြန်ရပြီပေါကွယ့်... မပြန်ချင်ဘဲ ပြန်ရတာဆိုတော့ လူက စိတ်နဲ့လူနဲ့ သိပ်မကပ်ချင်...

ကိုဖြိုးက လေဆိပ်ကို လိုက်ပို့တယ်... မေစုက ဖုန်းလှမ်းဆက်တယ်... ကားထွက်တော့ လမ်းထိပ်က အကွေ့လေးမှာ မေစုက လက်လေးတောင်ပြလို့... အမ်မယ်... မေစုက ပိန်သွားပါလား... ဟိုးအရင်တုန်းကလိုပဲ... ချစ်စရာကောင်းလိုက်တာလေ... ကားပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်မလို့ပါပဲ... Phone Camera က သိပ်မကောင်းတော့ Zoom ဆွဲမရတာနဲ့ မရိုက်လိုက်ရဘူး... ဟင့်... ဪ... ရန်ကုန်ရောက်တုန်း မေစုတို့နဲ့တောင် မတွေ့လိုက်ရပါလား... ရန်ကုန်မှာ အားလုံးပြန်ဆုံဖို့က မလွယ်ဘူးလေ... ကိုယ်တောင် ပြန်လာရဖို့ မလွယ်တာ သူလည်း UK က ပြန်လာရဖို့ ဘယ်လွယ်ပါ့မလဲ...


အဲ့ဒါနဲ့ အဲ့လိုနဲ့ပေါ့လေ... ကားပေါ်မှာ စကားတွေ တပြောပြောနဲ့... လေဆိပ်ကို ထွက်လာကြတာပေါ့... သူငယ်ချင်းအသစ်တွေကို မမြင်ဖူးတဲ့ ကျွန်ုပ်မိခင်က ကိုဖြိုးကို "သားကကော မပြန်ဘူးလား" ဘာလားပေါ့... စပ်စုနေပြန်ရော... "ကိုဖြိုးက အလုပ်ကနေ ခွင့်နှစ်လတောင် ရလာတာလေ... မပြန်ရလို့ ပျော်နေတာ... မေစုလည်း ရောက်ပြီဆိုတော့ ပိုပျော်နေပြီပေါ့..." လို့ ကိုဖြိုးအစား ဝင်ဖြေရင်း ကိုယ့်ကျ နှစ်ပတ်ပဲ ပြန်လာလို့ရတဲ့အဖြစ်ကို ဝမ်းနည်းလိုက်မိတယ်...

လမ်းမှာလည်း ကားကျပ်တာနဲ့ ဘာနဲ့ဆိုတော့ လေဆိပ်ရောက်တော့ နောက်ကျနေပြီလေ... 9:00am ထွက်မယ့် Flight ကို 8:50am မှ Check In ကောင်တာ ရောက်တယ်... အမောတကောနဲ့ပေါ့... ပါ,သမျှ အထုပ်တွေ (ဘာတွေလဲတော့ မသိဘူး... တိုးလို့တွဲလောင်းတွေလည်း ပါရဲ့...:P) Check In ဝင်တော့... "ဟိုက်... SG က အခန်းသော့ အိမ်မှာ ကျန်ခဲ့ပြီ..." ဖခင်က စိတ်တွေတိုပြီး ထုံးစံအတိုင်း "အလုပ်လုပ်ရင် ဘယ်တော့မှ မသေချာဘူး..." ဘာဘူး ညာဘူးနဲ့ ဆူပါလေရော... မိခင်ကလည်း ထုံးစံအတိုင်း သမီး အဆူခံရပြီး မျက်နှာမကောင်းတော့ သူလည်း ဆူချင်ပေမယ့် မဆူရက်တော့... "ညည်းကလည်းအေ... ညည်းအဖေ စိတ်ဆိုးလည်း ဆိုးချင်စရာ... အမြဲ ပေါ့ရွှတ်ရွှတ်နဲ့..."လို့ ရယ်သံစွက်ပြီး ပြောပါတယ်... ထုံးစံအတိုင်း "ဟီး..."လို့ သွားဖြီးပြရတာပေါ့... ဟုတ်တော့လည်း ဟုတ်နေတာကိုး... နောက် ပါ,သမျှ အထုပ်တွေ အပ်ပြီးတော့မှ "အမ်... အင်္ကျီလက်ပြတ်ကြီးနဲ့ လေယာဉ်ပေါ်မှာ အေးတော့မှာပဲ..." ဆိုတော့ ကျွန်ုပ်ဖခင်က မျက်စောင်းလှည့်ထိုးပါတယ်... ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့ ခပ်ကုတ်ကုတ်နဲ့ ဘာမှ ပြန်မပြောရဲဘူးလေ... နှုတ်ခမ်းအသာဆူလို့ ရှုံ့မဲ့မဲ့နဲ့ပေါ့... ဘယ်တတ်နိုင်မလဲ... အေးလည်း အေးတော့ပေါ့... မိခင်ကတော့ စိတ်ပူပြီး "ဟဲ့... ဖြစ်ရဲ့လား..." ပေါ့... "အင်း... အင်း..." လို့ ခေါင်းပဲ အသာငြိမ့်ပြရတော့တယ်... ဘာမှမှ လုပ်လို့ရတော့ဘဲ... Luggage က ခုလောက်ဆို လေယာဉ်ဆီ သယ်သွားနေလောက်ပြီလေ... "အဲ့... ခုမှ သတိရတယ်... လူက ခြေကျွတ်လက်ကျွတ် ဖြစ်နေပါလား မှတ်တယ်... လွယ်နေကျ Elle အိတ်လေးလေးကြီးက အိမ်မှာ ကျန်ခဲ့ပါလား... ဪ... ကျန်တော့လည်း ကျန်ပေါ့... ဟိုရောက်မှ နောက်တစ်လုံး... နောက်တစ်လုံး..." ဖခင်က ဘုကြည့်လှည့်ကြည့်တော့ ပြောင်စပ်စပ် သိပ်မလုပ်ရဲတော့ဘူးလေ... မျက်နှာပိုးသတ်ပြီး မိခင်နား ကပ်နေရတော့တာပေါ့...

Air Ticket တွေ ဘာတွေ ပြမယ်လည်းဆိုရော... "ဟိုက်... Passport က အိမ်မှာ ကျန်ခဲ့တဲ့ အိတ်ထဲမှာ..." ဖခင်က မျက်နှာကြီး မဲနေပြီလေ... လူကြားသူကြား ဒီအရွယ်ကြီး ရောက်နေလို့သာ ဖြစ်မယ်... ရိုက်တော့ တော်တော်ရိုက်ချင်နေလောက်မှာပဲ... "တွားပြီ~~~ မရှိမဲ့ရှိမဲ့ စုပြီး ပြန်လာတာ လေယာဉ်လက်မှတ် ထပ်ဝယ်ရရင်~~~ အီး~~~ ကုန်ပါပြီ~~~ ကုန်ပါပြီ~~~" အတွေးနဲ့တင် ချွေးတွေပြန်လာတယ်... ဖခင်ကတော့ သိတဲ့အတိုင်း မြန်မာပြည်ဆိုတော့ ကြံကြံဖန်ဖန်များရမလားပေါ့... ကြိုးပမ်းနေလေရဲ့... လေယာဉ်လက်မှတ် ထပ်ဝယ်ရရင် ပိုက်ဆံပိုကုန်လို့ ဗျစ်တောက်ဗျစ်တောက် အဆူခံရတော့မှာပဲလို့ တွေးပြီး စိတ်ညစ်လာတယ်... သေချာတယ်... ကိုယ့်ဘာသာ ဘယ်လိုမှ မဝယ်နိုင်ဘူးလေ... အမ်မယ်... ကြည့်လိုက်တော့ ဘေးမှာ ညီမလေးက စိတ်ပျက်လက်ပျက်နဲ့ ကျွန်ုပ်ကို မျက်စောင်းထိုးနေပါလား... ဟွန်း... အမြင်ကတ်လိုက်တာ... ပြန်လာတာချင်းတူတူ သူကျ မပြန်ရသေးဘူး... ငါက ပြန်ရတယ်... စိတ်ထဲ မျက်စောင်း အကြိမ်တစ်ရာလောက် ထိုးပစ်လိုက်တယ်... မိခင်ကတော့ ထုံးစံအတိုင်း ခေါင်းတခါခါ ဖြစ်နေပြီလေ... (မပြောချင်လို့လေ... အမှန်က စိတ်ပျက်နေလို့ ခေါင်းခါနေတာပေါ့... :P )

ဘယ်လိုမှ ကြံလို့ ဖန်လို့မရတော့ ဖခင်က စတင်ပြီး ရေနွေးအိုးတည်ပြီလေ... "အဲ့ဒါ ဘယ်လိုလုပ်မလဲ... ကျောင်းလည်း နောက်ကျပြီ..." အဆူခံရတော့ ဝမ်းနည်းလာပြီလေ... ငိုမဲ့မဲ့နဲ့ "အဲ့ဒါက ကိစ္စမရှိပါဘူး... ပြီးခဲ့တဲ့အခေါက်က အတန်းတွေ ကြိုတတ်ထားတော့ notes တွေ ရှိပါတယ်..." ဆင်ခြေက တက်လိုက်သေးတယ်... "အတန်းမတက်လို့ကော ရမှာလား... ပြဿနာက လာဦးမယ်..." "အဲ့ဒါလည်း ကိစ္စမရှိပါဘူး... သူငယ်ချင်းကောင်မလေးတစ်ယောက်ကို  Access Card ပေးထားတယ်... သူလုပ်ပေးပါလိမ့်မယ်..." ဖခင်က ခါးထောက်လာပြီ... "လေယာဉ်လက်မှတ်က ထပ်ဝယ်ရတော့မယ်..." အာ... ဒီပြဿနာက အကြီးဆုံး... ဘယ်လိုမှ ကျွန်ုပ် မတတ်နိုင်သောအရာ... "အီး..." နောက်ဆုံးလက်နက်လေ... ဟီး... ငိုပြီပေါ့... အဲ့ဒီမှာ ကောင်တာက အန်တီကြီးက သနားသွားတယ်ထင်ပါရဲ့... အသာ လက်တို့ပြီး Silk Air ကို ဖုန်းဆက်ပြီး Date ချိန်းလိုက်... တဲ့... "ဟင်... ရပါ့မလား အန်တီရဲ့... ခုပဲ ၉နာရီ ထိုးနေပြီလေ"... ရပါတယ်... ဘာညာသာရကာ... (မမှတ်မိတော့ဘူး) ဆိုပြီး ရှင်းပြတယ်... ဖုန်းဆက်ပြီး နောက်အပတ်မှ ပြန်ပေါ့တဲ့... "ဟာဟ~~ ငါ့လောက် ပျော်မယ့်သူ ရှိမှာမဟုတ်တော့ဘူး~~ မပြန်ချင်နေတာနဲ့ အတော်ပဲလေ~~" စိတ်င်္ထဲမှာ ပျော်နေပေမယ့် ငိုမဲ့မဲ့တော့ ဟန်ဆောင်ရသေးတယ်... ဖခင်က မျက်ထောက်နီကြီးနဲ့ ကြည့်နေတာကိုး... အတွေးထဲမှာတော့ မျက်နှာပျက်ပြီး နှုတ်ဆက်ကျန်ခဲ့တဲ့ တစ်စုံတစ်ယောက်ကို ပြေးမြင်ယောင်မိရင်း... ဟာဟ... ပျော်လိုက်လေခြင်း... "အဲ့... ငါ့ Luggage ကြီး ဘယ်လိုလုပ်မလဲ..." ဥစ္စာခြောက်ဆိုတော့ ဝမ်းသာနေတဲ့ကြားက ပစ္စည်းတွေကို လှမ်းပူလိုက်သေးတယ်... ဖခင်ကတော့ မျက်စောင်းထိုးပြီးရင်း ထိုးနေပြီလေ... မိခင်ကတော့ တစ်ပတ် ထပ်နေရဦးမှာဆိုတော့ ပျော်နေတာပေါ့... အဲ... အိမ်ပြန်ရောက်ရင် ဘယ်လို အပြင်ပြန်ထွက်ရပါ့... အမှားက လုပ်ထားတာဆိုတော့ ဖခင်က သိပ်ကြည်မှာ မဟုတ်ဘူး... သူကတော့ တော်တော်ဝမ်းသာသွားမှာပဲ... ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက် မဲ့လိုက်နဲ့ပေါ့... အင်း... အင်း... အင်း... စဉ်းစားခန်းဖွင့်ဦးမှ...?????

မျက်လုံးဖွင့်လိုက်တော့... ဪ... ဪ... ဘာတွေမှန်းမသိဘူးမှတ်ပါတယ်... အိပ်မက်ကိုး... ဟီးဟီး... အသံထွက်ပြီး ရယ်လိုက်မိတယ်... ငါ့နှယ်... တော်တော် SG မှာ နေချင်ရှာတာကိုး... အိပ်မက်ထဲမှာတောင် ပြန်မလာရလို့ ပျော်နေလိုက်တာများ... နာရီကြည့်လိုက်တော့ 5:25am... ဘေးမှာ ညီမလေးကတော့ အိပ်မောကျ,လို့... ဒီအချိန်ကြီးဆိုတော့ ပြောပြစရာလူကလည်း မရှိဘူးလေ... ဒါနဲ့ပဲ... စာတစ်ပုဒ်ဖြစ်သွားလေရဲ့... ဟီး......


Created By: k2tmaung (22 Aug 2010 Sunday 06:53AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..