ငါ့မှာ ဆန္ဒတွေ များများတော့ မရှိပါဘူး...
ဒါပေမယ့် လှည့်ကြည့်လိုက်ရင်...
ဘဝက ရေတော့ရေပါပဲ...
ဒါပေမယ့် ဆားတွေခပ်ခံရတာက စေတနာအပြည့်နဲ့...
မဖြစ်ချင်တာတွေ ဖြစ်နေတာကိုက...
ဖြစ်ချင်တာတွေ မဖြစ်လာနိုင်ဖို့ လမ်းစတစ်ခု...
ရှိစုမက်စု ငါ အရင်းပြုထားတဲ့ အိပ်မက်...
ညနက်နက်မှာ အဆိပ်ခပ်ခံရပြန်တယ်...
ဘယ်တော့မှ မရွေးချယ်ခဲ့တဲ့ ငါ...
ရွေးချယ်ခြင်းတွေက ပြန်ပြန်ရွေးသွားတာ...
တွေဝေခြင်းကို ဝါသနာ မထုံတဲ့ ငါ...
ရိုးသားခြင်းဆိုတာလည်း ဒဏ်ရာပေါင်းများစွာနဲ့ပါ...
တစ်ချိန်တုန်းကတော့ ကြွေးကြော်ဖူးတယ်...
ငါ အမှားမလုပ်သ၍ မကြောက်ဘူးလို့...
ခုတော့ ဘယ်သူ့ ကြောက်ရမှန်းမသိ...
အလျှော့ပေးရခြင်းတွေနဲ့ နပန်းသတ်နေရတယ်...
မြင်နေရပြီလို့ ထင်ရတဲ့ လမ်း...
ဘယ်သူက ခဲဖျက်နဲ့ ဖျက်မှန်းမသိ ပျက်သွားခဲ့တယ်...
ထမ်းထားရတဲ့ မျှော်လင့်ချက်အသောသော...
တစ်ချက်တည်းနဲ့ ရေစုန်မျောပေါ့...
ရေဆန်ကို ပြန်တက်ဖို့...
လှော်ခတ်ရင်းကကို တက်ကထပ်ကျိုးပြန်တယ်...
ဘဝဆိုတာ ဆားရှိတိုင်း ဗိုက်မဝတဲ့ နာမည်ခံ...
ရန်လုပ်ရအောင်လည်း သူက အရိုးခံ...
ရိုက်ချက်သာ တည့်တည့်ထိရင်...
ဘယ်သူ့ကို အရင်ဆုံး ကာယကံနဲ့ စော်ကားကြည့်ရပါ့...
လက်ညှိုးထိုးဖို့ လူကို ရှာကြည့်ရင်း...
ပြန်ထိုးကြတဲ့ လက်ညှိုးတွေကသာ လာလာထိနေတယ်...
ဘာသာမဲ့ လူတစ်ယောက်...
ကမ္ဘာ့မြေပုံပေါ် လျှောက်နေရသလို...
ယုံကြည်ခြင်းတွေ ပျက်သုန်း...
ဝန်ခံခြင်းတွေလက်က ကိုယ်လွတ်ရုန်းနေရတယ်...
ငါကပဲ အတ္တတွေ များတာလား...
အာဃာတတွေပဲ ထားလွန်းတာများလား...
သေချာတာက မရေရာခြင်းတွေကြား...
စိတ်အခြေတွေလည်း ထွေပြားလို့...
လောကကြီးက ငါ့အတွက် ခါးသက်လွန်းတယ်...
အဖြစ်အပျက်တွေက ရက်စက်လွန်းတယ်...
"ဘဝပေး"လို့ နှလုံးသွင်းဆင်ခြင်ရင်းက...
မြိုသိပ်ခြင်းတွေ ခဏ ခဏ အန်ထွက်လို့...
အမျက်ဒေါသတွေကို မိတ်ဆွေဖွဲ့ကြတယ်...
မွေးရာပါတော့ လူတိုင်း ခြောက်ပြစ်ကင်းကြပါရဲ့...
တစ်ခါတစ်လေ ကံဆိုးလို့ မိုးများမှသာ...
မကောင်းဆိုးဝါးတစ်ကောင်အလား ရန်လိုတတ်တာ...
မကြာမကြာ ဘဝကို အရွဲ့တိုက်...
နောင်တတွေနဲ့ စစ်တိုက်နေရတာမို့...
အဆင်ပြေခြင်းဆိုတာ ကိုယ်နဲ့ မထိုက်တန်သလိုလို...
အရှုံးတွေကိုပိုက် အလံဖြူတွေ ခဏ ခဏ စိုက်နေရလို့...
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်...
မာနတွေ ခေါင်းငိုက်စိုက်မကျခင်...
အားလုံးကို ရန်လုပ် ငါ လူမိုက်လုပ်ချင်တယ်...
Created By: k2tmaung (20 January 2010 Wednesday 11:50AM)

6 comments:
စုလဲ လူမိုက်လုပ်ချင်တယ်k2ရေ အဖော်ရတာပေါ့။ စုက တစ်ယောက်တည်း မိုက်ရဲဘူး။ :P
ကဗျာ အသစ်လေး လာဖတ်သွားတယ် k2tmaung ရေ...
ကဗျာလေးကိုဖတ်ပြီးခံစားသွားပါတယ်
ကဗျာလေးလာခံစားသွားပါတယ်
ဒီကဗျာလေးကိုတော့ ကြိုက်တယ်
ကဗျာလေးကြိုက်တယ်ဗျာ။
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...