အရိပ်ဆိုတာ...
အလင်းရှိမှ ကိုယ်ထင်ပြနိုင်တာမှန်း...
ငါ မေ့သွားတယ်...
တစ်ခါတစ်ခါလည်း ငါ အမေ့လွန်တယ်...
မကြာမကြာလည်း ငါ နေ့နဲ့ည မှားတယ်...
ဒီညလည်း ယောင်ဝါးဝါးနဲ့...
လူမသိ သူမသိ လမ်းထလျှောက်ပြန်တယ်...
လပြည့်ညရဲ့ ထွန်းအားကြောင့်...
ဘေးနားက ငါ့အရိပ်က ငါ့ကို ပြုံးပြတယ်...
ခပ်တုံးတုံးငါက ကြယ်တစ်ချို့ကို ငေးရင်း...
လမ်းဆက်လျှောက်တယ်...
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတော့ ငါမသိဘူး...
ငါ့နောက်က အရိပ်ကတော့...
အမည်မဖော်ဘဲ အကြောက်တရားမဲ့ အဖော်လိုက်ပေးတယ်...
မဟောင်းသေးတဲ့ တေးသွားတစ်ပုဒ်...
ယုတ်လျော့နေတဲ့အားတွေနဲ့အတူ...
အကြောင်းသင့်လို့ ငါ ညည်းဖြစ်တော့...
စည်းချက်မညီမှန်းသိရဲ့နဲ့ ငါ့အရိပ်က ဩဘာပေးတယ်...
အတွေးဆူးတွေနဲ့ ငါ မူးမေ့တောင် လဲချင်တယ်...
တွဲထားရတဲ့ ငါ့စိတ်ခွန်အားတွေလည်း...
လျှော့လိုက်ရ တင်းလိုက်ရနဲ့...
ကြာရင်လည်း ငါ ရူးတော့မယ်...
ဟူး... သက်ပြင်းမောနဲ့ ငါ ဆိတ်ဆိတ်ငြိမ်တော့...
ငါ့အရိပ်က တိတ်တိတ်လေး ဘေးကနေပေးတယ်...
ငါက တစ်ကိုယ်ကောင်းဆန်တယ်...
ဘယ်သူ့အတွက်မှ မချန်ဘဲလည်း...
ငါ့ကိုယ်ငါ တန်ဖိုးတက်အောင် လုပ်တတ်တယ်...
ရုတ်တရက်တွေ ကြုံတဲ့အခါ...
ငါ့ သတ္တိတွေ ဆုတ်ပြေးကြတယ်...
ရေးတေးတေး အတွေးတွေကြား...
ငါ မိုက်ကနဲ လဲတော့...
ငါ့အရိပ်က ငါနဲ့အတူ လဲလျောင်းတယ်...
ငါ မေ့သွားတယ်...
အလင်းဆိုတဲ့ နားလည်မှုအရင်းအနှီးတွေကို...
ငါကိုယ်တိုင် ငါ့စိတ်မှာ ခိုင်မာစွာ ထင်ပြနိုင်ပါမှ...
အရိပ်ဆိုတဲ့ ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းကို ငါ တွေ့နိုင်မယ်မှန်း...
တကယ်တော့...
အရိပ်...
မင်းက ငါ့ဘေးမှာ တိတ်ဆိတ်စွာ...
နားလည်ပေးတတ်မှန်း...
ငါ တဒင်္ဂ မေ့လျော့သွားတာပါ...
Created By: k2tmaung (13 October 2009 Tuesday 04:33AM)

0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...