Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင် ခံစားချက်၊ ခံယူချက် ကိုယ်စီတော့ ရှိကြမှာပါ... လူသားတစ်ယောက်ဖြစ်တဲ့ ကျမမှာလည်း ကိုယ်ပိုင်ခံယူချက်တစ်ချို့ရှိလေရဲ့... ခံယူချက်တွေထဲက အပြင်းထန်ဆုံး နဲ့ ကျမဘဝကို ဦးဆောင်မှုပြုနေတာကတော့ ကျမရဲ့ မာနပဲ ဖြစ်ပါလိမ့်မယ်... ကျမက မာနကို ကိုးကွယ်တယ်... ယုံကြည်တယ်... အရာအားလုံးထက် ပိုတန်ဖိုးထားတယ်...

ငယ်ငယ်ကတော့ လိုတာရ,ခဲ့လို့ သူများအောက်မကျို့တတ်တာ... အသက်အရွယ်ရလာတော့ ဘဝကပေးတဲ့ ညှိုးငယ်မှုခံစားချက်တစ်ချို့ကြောင့် မခယ,တတ်တော့တာ... "သူများကျေးဇူး တစ်ခါယူခဲ့ဖူးရင် တစ်သက်ဆပ်မကုန်ဘူး"လို့... ကျမကိုယ်ကျမလည်း အမြဲသတိပေးခဲ့တယ်... သူများထမင်းတစ်လုတ်ကြောင့် ကျမ ကျေးဇူးမယူဘူး... သူများကား ခဏတာလိုက်စီးပြီး ကျေးဇူးတင်စကားမပြောဘူး... သူများအကူအညီကြောင့် ကျေးဇူးပြန်မဆပ်ချင်ဘူး... သူများကတစ်ခုပေးရင် ကိုယ့်ဘက်က နှစ်ခုပြန်ပေးနိုင်အောင် အမြဲ ကြိုးစားတယ်... အခွင့်အခါ မသင့်လို့ မပေးနိုင်ခဲ့ရင်တောင် အရာရာကို လွယ်လင့်တကူ မေ့ပျောက်တတ်တဲ့ ကျမ အသက်ရှုလိုက်တိုင်း အဲဒီကျေးဇူးဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်...

မိဘအိမ်မှာ နေရတုန်းကတော့ မိဘကလွဲလို့ ဘယ်သူ့မှ အားကိုးစရာမလိုခဲ့ပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မှ ဘဝဆိုတာ ထင်သလောက်မလွယ်ကူမှန်း ပိုလက်ခံလာမိတယ်... တစ်ခါတစ်လေ ကံကြမ္မာက နေပူမှာ တစ်ယောက်တည်း အမှီအခိုမဲ့ ကြိုးစားပြီးရပ်နေရတဲ့ ကျမရဲ့ ခြေထောက်တွေကို ဖြတ်ရိုက်ပစ်တတ်တယ်... ပထမဆုံးဆိုတဲ့အကြိမ်တုန်းကတော့ ကျမ လဲကျသွားဖူးတယ်... လေရူးနဲ့အတူ ကျမ စိတ်တွေ လွင့်မျောသွားခဲ့ဖူးတယ်... မိန်းမပီသစွာ မျက်ရည်ကိုလည်း နေ့စဉ်ရက်ဆက် အဖော်ပြုခဲ့ဖူးတယ်... တစ်ကြိမ်ထက်တစ်ကြိမ် ကျမ ခံနိုင်ရည်တွေတော့ တိုးခဲ့ပါတယ်လေ... ခုဆို ကျရှုံးမှုတွေနဲ့ကြုံတိုင်း၊ ပြိုလဲမှုတွေနဲ့ ဆုံတိုင်း မျက်ရည်ဆိုတာထက် အရယ်အပြုံးတစ်ခုကို ကျမ ဟန်လုပ်လို့ ပြုံးတတ်နေခဲ့ပြီ... ကျမခြေထောက်တွေ ဖြတ်ရိုက်ခံလိုက်ရတိုင်းလည်း ကျမ လဲမကျသွားရအောင် ကြိုးစားတတ်နေပါပြီ... လဲကျခဲ့ရင်တောင် ကျမခြေထောက်တွေမှာ အပြစ်တစ်စုံတစ်ရာမရှိခဲ့ဘူးလေ... လေပြင်းတွေ တိုက်ပါများရင် ဘယ်လောက်ကြီးမားတဲ့ သစ်ပင်မဆို တစ်ပင်ထဲ ထီးထီးကြီးဆို ပြိုလဲတတ်တာ သဘာဝပဲမဟုတ်လား... ကျမအတွက်တော့ ပြိုလဲကာမှ လဲပါစေ... နီးရာ သစ်ပင်ကိုတော့ ကျမ လှမ်းဆွဲနိုင်တဲ့ အင်အားမျိုး ရှိခဲ့ရင်တောင် ကျမလှမ်းမဆွဲဘူး... ကျမ လဲကျခံလိုက်မယ်... အဲဒါ ကျမရဲ့မာနပဲ...


ကျမမိခင်က ကျမကို ဆုံးမရခက်တိုင်း အမြဲပြောတတ်တဲ့ စကားလေးတစ်ခွန်းရှိပါတယ်... "သိကြားမင်း ဆင်းတားရင်တောင် ရမယ် မထင်ဘူး"တဲ့... ကျမ အကြိမ်ကြိမ်ရယ်မောပစ်ခဲ့ဖူးတဲ့ စကားတစ်ခွန်းပါ... ကျမက ဝီရိယကောင်းသူမဟုတ်ပေမယ့် ဇွဲကောင်းသူလို့တော့ ကိုယ့်ကိုယ်ကိုယ် မြင်မိတယ်... မလုပ်ချင်ဘူး၊ မလုပ်ဘူးလို့ ဆုံးဖြတ်ထားရင်လည်း ဘယ်သူ ဖျောင်းဖျလို့မှ၊ တရားချလို့မှ လွယ်လွယ်ကူကူ မရတတ်ဘူး... လိုချင်တာ၊ ဖြစ်ချင်တာရဖို့ တစ်ခါတစ်လေ ကျမမိဘကို ထမင်းမစားဘဲ နှစ်ရက်ဆက်တိုက်လည်း ဆန္ဒပြခဲ့ဖူးတယ်... ကလေးဆန်ကောင်းဆန်မှာပေါ့လေ... ဒါပေမယ့် ရကိုရရမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ ဒူးမထောက်ဘဲ ရအောင်တော့ ယူတတ်တယ်... ဒါပေမယ့် ကျမ မိဘရဲ့မျက်ရည်တွေနဲ့တော့ ကျမဘယ်တော့မှ အပြိုင်မလုပ်မိဖို့ ကျမကိုယ်ကျမ ဆုံးမထားပါတယ်... ဒါကလည်း အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးလို့ မိဘမျက်ရည် ဘယ်လောက်ပူလဲသိခဲ့ပြီး၊ သင်ခန်းစာတွေ အခါခါရခဲ့ပြီးတာကြောင့်ပါ... အထင်ရှားဆုံး ကျမ ခေါင်းမာခဲ့တာ နှစ်ခုရှိခဲ့ဖူးတယ်... တစ်ခုက ဆယ်တန်းမှာ မိဘနဲ့ပဋိပက္ခ အနည်းငယ်ဖြစ်ပြီး စာလုံးဝမကျက်ဘဲ အတန်းတင်စာမေးပွဲကို သွားဖြေခဲ့လို့ သင်္ချာဂုဏ်ထူးတစ်ခုတည်းနဲ့ တစ်ခါမှ မမြင်ဖူးတဲ့အမှတ်တွေနဲ့ ဆေးကျောင်းဆိုတာကိုလွဲခဲ့ဖူးတယ်... ဆရာဝန်ဖြစ်ဖို့ဝါသနာမပါခဲ့တဲ့ ကျမအတွက် လွမ်းလောက်စရာမဟုတ်ခဲ့ပေမယ့် မိဘတွေ ဘယ်လောက်ကိုယ့်အပေါ်မျှော်လင့်ခဲ့သလဲဆိုတာကို နောက်ကျပြီးမှ သိခဲ့ရတာ... Aခန်းတစ်ခန်းလုံးမှာ တစ်ဘာသာ ဂုဏ်ထူးဆိုတာကို လက်ချိုးရေလို့ရတဲ့စာရင်းထဲ ကျမပါ,နေခဲ့တာ... ဆရာဆရာမတွေနဲ့ အသိမိတ်ဆွေတစ်ချို့ရဲ့ ဂုဏ်ထူးဘယ်နှစ်ခုပါလဲလို့ အားရဝမ်းသာမေးတတ်တဲ့ သူတို့သူတို့တွေရဲ့ အကြည့်တွေ၊ အပြုံးတွေကို ရှောင်နိုင်ဖို့ တစ်နှစ်ကျော်ကျော် အိမ်ထဲပုန်းနေခဲ့ဖူးတယ်... တက္ကသိုလ်တွေ ဖွင့်တော့မှ ကိုယ့်ကိုယ်ကိုယ် နေရောင်ခြည်အောက် ပြန်ဝင်နိုင်အောင် ကိုယ့်စိတ်တွေကို ဘယ်သူမှ မသိခင်၊ မမြင်ခင် ပြန်လည်တည်ဆောက်ကြိုးစားခဲ့ရဖူးတယ်... နောင်တရနေတာမျိုးမဟုတ်ပေမယ့် "ကိုယ်လုပ်ကိုယ်ခံ"ဆိုတဲ့အတိုင်း ကျမစိတ်တွေကို ကျမအကြိမ်ကြိမ် ဒါဏ်ခတ်ချင်ခဲ့တာလည်း ပါ,ခဲ့တာပေါ့လေ... အဲဒါကြောင့် ကျမဘဝရဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့တဲ့ "အင်ဂျင်နီယာ"ဆိုတဲ့ ဘဝကို စွန့်လွှတ်ပြီး ကျမမိဘတွေအလိုကျ ကျမဘယ်လိုမှ စိတ်ဝင်စားကြည့်လို့မရသော စာရင်းတွေအင်းတွေထဲ ကျမ ခြေစုံပစ်ဝင်ခဲ့တယ်... ကျမ မိဘတွေ ကျမအပေါ်ထားခဲ့တဲ့ မျှော်လင့်ချက်တစ်ခုအတွက် ကျမကိုယ်ကျမ ဖြေသိမ့်တဲ့အနေနဲ့ ဆန္ဒတစ်ခုကို စွန့်လွှတ်ခဲ့တာပါ... ဒါပေမယ့် ခုထိလည်း ခေါင်းမာမာနဲ့ စာမေးပွဲတွေ မဖြေခဲ့တာ၊ ဖြေလို့ ရှုံးနိမ့်မှုတွေနဲ့ ကြုံရရင်လည်း မျက်ရည်တစ်ကြိမ်တစ်ခါထက် ပိုမကျတတ်တာလည်း ကြာခဲ့ပါပြီ... နောက်တစ်ခု ကျမ ခေါင်းမာခဲ့တာက လူတော်တော်များများ ကန့်ကွက်သဘောမတူတဲ့ကြားက ဒီနေရာကို ရောက်အောင် လာခဲ့တာ... ကျမဖခင်ကိုယ်တိုင် "မသွားပါနဲ့ဦးသမီးရယ်... နောက်နှစ်မှ သွားပါလား..."လို့ အကြိမ်ကြိမ် လေပြေလေးနဲ့ပြောလိုက် ဒေါသသံလေးနဲ့ပြောလိုက် လုပ်ခဲ့တာတောင် ကျမ လုံးဝ ခေါင်းမငြိမ့်ခဲ့တာ... နောက်ဆုံးတော့ မိဘနဲ့ သားသမီး ထုံးစံအတိုင်း မိဘတွေက အရှုံးပေးခဲ့တာပါပဲလေ... အဲ့လို ကျမ လုပ်ချင်တာကို ရအောင်လုပ်ခဲ့တဲ့ ကျမ ပြန်လှည့်သွားဖို့ဆိုတာ ကျမကို အသေသတ်တာကမှ ခံသာဦးမှာ... သို့ပေမယ့် အလုပ်အဆင်မပြေတဲ့ကျမ ဒီမြေပေါ်မှာ ဆက်နေနိုင်အောင် ကျမ မာနတွေ အောက်ချပြီး အကူအညီတောင်းဖို့နဲ့ ပြန်ရဖို့ဆို ကျမပြန်ဖို့ကိုပဲ ရွေးချယ်မိမှာ အသေအချာပဲလေ... တစ်နေ့က ကျမဖခင်က ကျမကို နားချတာ တစ်နာရီကျော် ကြာခဲ့တယ်... ကျမသူဌေးကိုယ်တိုင်လည်း အကူအညီပေးဖို့ လမ်းကြောင်းတွေ ဖွင့်ပေးခဲ့ပေမယ့် ကျမ ဘယ်တော့ မှ "ရော့... အင့်..."လို့ ပေးတာကို "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်" ဆိုပြီး မယူနိုင်ပါဘူး... သူများတွေ သနားအောင် ကျမ ဘယ်တော့မှ ငိုမပြဘူး... သူများတွေ စာနာရအောင် ကျမ ဘယ်တော့မှ ညည်းညူမပြဘူး... ကျမဆုံးဖြတ်ချက်တွေက မှားကောင်းမှားမယ်... ကျမ ဖခင်ပြောသလို ကျမ အနစ်နာခံခဲ့ရတဲ့ တစ်နှစ်ခွဲဆိုတဲ့ ကာလဟာ အလကားဖြစ်ကောင်းဖြစ်မယ်... နောက်ထပ် အချိန်တွေ လိုတာထက် ပိုပေးရကောင်းပေးရလိမ့်မယ်... ကျမ ရပိုင်ခွင့် ဖြစ်ကောင်းဖြစ်ပေမယ့် သူများပေးမှ ရမှာမျိုး လက်ဝါး ဘယ်တော့မှ ဖြန့်မတောင်းဘူး... ကျမ လုပ်ရဲရင် ခံရဲသလို... ကျမဆုံးဖြတ်ချက်တွေအတွက်လည်း ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး...ကျမ အနာဂတ်အတွက် ကျမ မာနကို ဆက်ပြီးတော့ လက်တွဲဦးမှာပါပဲ...

လောကအကြောင်း ကောင်းကောင်းမသိသေးတဲ့ ကျမ ဆုံးဖြတ်ချက်တွေ၊ သဘောထားတွေ မှားကောင်းမှားနေတတ်ပါတယ်... ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ရင် အမှားပေါင်းများစွာရှိခဲ့ဖူးတဲ့ ကျမ... မှင်နီတွေရှိခဲ့တဲ့ စာမျက်နှာတိုင်းကို ဆုတ်ဖြဲပစ်ချင်မိပါတယ်... ကျမဘဝကို ဂယက်ရိုက်မှု အများအပြားဟာ ကျမရဲ့ ခေါင်းမာမှုတွေ၊ ကျမရဲ့ မာနတွေကြောင့် ဖြစ်တဲ့အတွက် ကျမ ဆုံးဖြတ်ချက်မှန်သမျှကို တာဝန်ယူဖို့လည်း ဝန်လေးတတ်သူတစ်ယောက် မဟုတ်ဘူးလေ...

ဘဝကပေးတဲ့ သင်ခန်းစာတွေထဲမှာ ကျမတတ်မြောက်ခဲ့တာတစ်ခုက နာကျည်းတတ်တာ... နာကျည်းတတ်တာနဲ့ ယှဉ်ပြီး အရိုးစွဲအောင် မုန်းတတ်အောင်၊ အညှိုးကြီးတတ်အောင်လည်း ကျမ သင်ယူခဲ့တယ်... ကောင်းတာတွေထဲက နောက်ထပ်တတ်မြောက်ခဲ့တာက ဘာသာရေးဆိုတာကို အာရုံစိုက်မိသွားတာ... အကောင်းနဲ့အဆိုးယှဉ်တွဲနေတဲ့ ဒီလောကထဲက ကျမရဲ့ စိတ်အခြေမှာလည်း အမုန်းနဲ့ မေတ္တာ ယှဉ်နေပြန်ပါတယ်... ခုတော့ အဲဒီနှစ်မျိုးမှာ တစ်ခုခုကို အသာ,မပေးနိုင်တော့ ဥပက္ခာတရားတွေကို လေ့လာသင်ယူနေရဆဲပေါ့လေ... ကျမ ဘယ်တုန်းကမှ လူတစ်ယောက်ကို နာကျင်ရအောင်၊ နစ်နာရအောင် မလုပ်ခဲ့ဖူးပေမယ့် ကျမ နာကျင်ခံစားရအောင်၊ နစ်နာရအောင် လုပ်ခဲ့သူတွေတော့ အတော်များများရှိလေရဲ့... ကျမခံစားရသလို၊ နစ်နာခဲ့ရသလို သူတို့ကိုလည်း ထပ်တူထပ်မျှ ပြန်ခံစားရအောင် ကျမတကယ်ပဲ ပြန်လည်တုံ့ပြန်ချင်ပါတယ်... သို့ပေမယ့် သံသရာဆိုတာ မပြီးဆုံးအောင် လည်တတ်တယ်လေ... အတိတ်က ရှိခဲ့သော ကျမ မသိနိုင်သော၊ မသိတတ်သော အရာအားလုံး ဒီတစ်ဘဝနဲ့တင် ကျေစေလိုပါတယ်... ယူခဲ့ဖူးတဲ့ ကျေးဇူးတွေရှိခဲ့ရင်လည်း ဒီဘဝမှာ အကျေဆပ်ချင်ပါတယ်... နောက်ဘဝထိ အဲဒီမီးတွေကို မကူးဆက်စေချင်တော့ပါဘူးလေ... မီးဆိုတာ ထိတွေ့ကြည့်မှ ဘယ်လောက်ပူလဲဆိုတာ သိတတ်နိုင်တာ မဟုတ်လား... အဲဒီလို ကြိုးစားရင်းနဲ့ကပဲ လူတွေကို ကျမ နာကျည်းနေတတ်ဆဲပါပဲ... ကျမ ပြုံးရွှင် ရယ်မော ခေါ်ပြောနှုတ်ဆက်နေရတဲ့ လူတစ်ယောက်ဟာလည်း ကျမ နာကျည်းသူဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဒါပေမယ့် လောကက မာယာများသူပီပီ ကျမမှာလည်း မာယာတွေ အထောင်အသောင်းရှိလေရဲ့... တစ်ခါတစ်ရံ ကျမ ပျော်ရွှင် ရယ်မောနေတာတွေကလည်း အားလုံးအတွက် ကောင်းစေချင်လို့ သုံးရတဲ့ မာယာတစ်မျိုးဖြစ်တတ်သလို တစ်ခါတစ်လေကျ ကျမ အရှုံးတွေ၊ အမုန်းတွေကို ဖုံးကွယ်ချင်လို့ မာယာများတာလည်း ဖြစ်နေတတ်ပါသေးတယ်လေ... အမုန်းကြောင့်၊ အရှုံးကြောင့် ငိုရမယ့်အစား ကျမ ပိုပြုံးရယ်နေမိတယ်... သူများပေးတဲ့ နာကျင်မှု၊ နစ်နာမှုဟာ သူတို့လိုလားတဲ့ ကျမမျက်ရည် ဘယ်တော့မှ မဖြစ်စေရဘူးလေ... ဆန့်ကျင်ဘက်တစ်ခုကိုပဲ ကျမ ပြန်ပေးနိုင်အောင် ကြိုးစားပါတယ်...

ဘယ်လိုပဲဖြစ်ဖြစ် ကျမယုံကြည်ထားတာ တစ်ခုတော့ရှိလေရဲ့... အောင်မြင်တဲ့သူတိုင်းရဲ့နောက်ကွယ်မှာ မလှပတဲ့ ပုံပြင်ဇာတ်လမ်းတွေ အရာအထောင်ရှိတတ်ကြသလို "ဒီနေ့ရဲ့ ကျရှုံးမှုတွေသည် မနက်ဖြန်များ၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်တယ်"ဆိုတာပါပဲ... ကျမမှာ အောင်မြင်မှုဆိုတာ အင်မတန်နည်းပါးခဲ့ပေမယ့် ကျရှုံးမှုတွေကတော့ အောင်မြင်မှုတွေရဖို့ လမ်းပြနေကြတယ်လို့ ကျမယုံကြည်လျှက်ပါ... ဘာအတွက်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ကျမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ ကျမ အနာဂတ်ကို မှားသည်ဖြစ်ဖြစ် မှန်သည်ဖြစ်ဖြစ် ကျမဆက်လှမ်းချင်ပါတယ်.....

Created By: k2tmaung (20 September 2009 Sunday 11:00AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..