သတင်းစာ ဖြတ်ပိုင်းလေးကို အသေအချာဖြတ်ညှပ်ရင်း ပြုံးမိနေသလား... မဲ့နေမိသလား... ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်မိခင် ကျမရဲ့ လက်အစုံတို့က မရေးဖြစ်ခဲ့တာ ကြာပြီဖြစ်တဲ့ ဒိုင်ယာရီလေးကို ခေါင်းအုံးအောက်မှ လှမ်းဆွဲယူလိုက်မိတယ်... ပြီးတော့ မလှုပ်မယှက်နိုင်အောင် သေသေချာချာ ကော်နဲ့ ကပ်ပြီး စာမျက်နှာပေါ် တင်လိုက်မိတယ်... ကျမ ဘဝရဲ့ တစ်ဆစ်ချိုး သို့မဟုတ် အောင်မြင်ခြင်းရဲ့ လှေခါးထစ်တွေလို့ ပြောရမယ်ထင်ပါရဲ့...
သက်ပြင်းမောတစ်ခုကို ဟိုးအဝေးကြီးရောက်အောင် မှုတ်ထုတ်လိုက်တယ်... ပြီးတော့ အိပ်မပျော်မှန်းသိရက်နဲ့ ဒိုင်ယာရီစာအုပ်လေးကို ပိုက်ပြီး အိပ်ယာပေါ် အသာလှဲလိုက်မိတယ်...
ကြာခဲ့ပါပြီ... တော်တော်လေးကို ကြာခဲ့ပါပြီ... ပြီးတော့... မလွမ်းလောက်ပါဘူးလေ...... ကျမ တစ်ချက်ပြုံးလိုက်ရင်း မျက်လုံးတို့ကို အမှောင်ချ ခပ်ဖျော့ဖျော့မီးတစ်ချို့နဲ့ အတိတ်က ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ဖွင့်ကြည့်မိတယ်....................
______________________________________< ။ >____________________________________
ကျမက ငေးမောကြည့်ရလောက်အောင် လှပသူမဟုတ်ခဲ့ပေမယ့် မိန်းမလှလေးတွေ ပေါများပါတယ်ဆိုတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သိပ်မထင်ရှားတဲ့ Section Queen တစ်ယောက်တော့ ဖြစ်ခဲ့ဖူးပါတယ်... တစ်ချို့ကတော့ အဲဒီ့ Queen ဆိုတဲ့ စကားစုနဲ့ ထိုးနှက်တတ်ကြတယ်... တကယ်ဆို ကျမက အဆိပ်အတောက်ကင်းတဲ့ မာန်ရှင်းတဲ့ သူတစ်ယောက်ဆိုတာ သူတို့မသိတတ်ကြဘူး... အင်း... မာနဆိုတာတော့ ရှိကောင်းရှိမယ်... သို့ပေမယ့် ကျမ မာနတွေက လူတွေကို ခိုက်ရန်မပြုတတ်ကြပါဘူးလေ...
သူနဲ့ ကျမ ရေစက်ဆုံခဲ့တာက သိပ်ကိုရိုးစင်းလွန်းတဲ့ လောကကြီးထဲက မထူးဆန်းသော ဖြစ်ရပ်တစ်ခုပါပဲ... သို့သော်ငြား... ကျမ Section Queen ဖြစ်ခဲ့ခြင်းက သူ့ကို ပိုဂရုပြုမိစေခဲ့သလား... အမြဲပျော်ရွှင်ရယ်မောနေတတ်တဲ့ ကျမက သူ့ကို အမှတ်တရတွေဖြစ်စေခဲ့သလား... ဘဝအကြောင်းတွေ တခုတ်တရပြောဆိုတတ်တဲ့ ကျမက သူ့အတွက် စိတ်ဝင်စားဖို့ အကြောင်းဖန်ခဲ့သလား... ဘယ်လိုအကြောင်းတရားတွေက သူ့နှလုံးသားအရောင်ကို ပြောင်းလဲသွားစေခဲ့သလဲ ကျမ စဉ်းစားနေဆဲမှာပဲ သူ ကျမကို ချစ်ရေးဆိုခဲ့တယ်... မလှပခဲ့သော အတိတ်ရဲ့အရိပ်တွေကြောင့် ကျမ သူ့ကို ငြင်းပယ်ဖို့ ကြိုးစားရင်း သံယောဇဉ်ဆိုတဲ့ ပင့်ကူအိမ်မှာ ငြိတွယ်မိရက်သားဖြစ်ခဲ့တယ်...
ကျမက အချစ်ဆိုတာကို လေးစားမှုနဲ့ တည်ဆောက်တယ်... သူက အချစ်ကို အိပ်မက်ချိုချိုတွေနဲ့ စိတ်ကူးယဉ်တယ်... ကျမက အချစ်ကို သစ္စာတရားမှာ မြစ်ဖျားခံတယ်... သူက အချစ်တွေကို အချစ်တွေနဲ့ပဲ စီးဆင်းစေတယ်... ကျမတို့ နှစ်ယောက်ကြား ကွဲပြားမှုတွေ အများအပြားရှိခဲ့ကြပေမယ့် နားလည်မှုတွေနဲ့ ဆက်လက် လက်တွဲဖြစ်ခဲ့ကြတယ်...
သူငယ်ချင်းဆိုတဲ့ ကာလက သုံးနှစ်တာ... နားလည်မှုတစ်ချို့နဲ့ လမ်းအတူလျှောက်ခဲ့ကြတဲ့ အချိန်တွေက နှစ်တစ်နှစ်ရဲ့ နှစ်ပုံပုံ တစ်ပုံ... သက်တမ်းတစ်ချို့ နှစ်အိုနေပေမယ့် တစ်ဦးနဲ့တစ်ဦး နားလည်ဖို့ကိုတော့ ကြိုးစားခဲ့ရဖူးတယ်...
သူ့ရဲ့နောက်ဘက်က အသိုင်းအဝိုင်းဆိုတာကို တွေးကြည့်မိလိုက်တိုင်း သူ့လက်တွေကို ဆုပ်ကိုင်ထားတဲ့ ကျမလက်တွေ အေးစက်သွားစမြဲ... သူ့ဘဝထဲ တိုးဝင်နိုင်ဖို့ တွေးကြည့်မိလိုက်တိုင်း အားအင်တွေ ချိနဲ့သွားတတ်စမြဲ... သူ့ဘဝလေးက ကျမဘဝလို ဒါဏ်ရာတွေ မများခဲ့ဘူးလေ... သူ့မှာ အနာဂတ်အတွက် စိုးရွံ့မှုတွေ မရှိခဲ့ပေမယ့် ကျမက အနာဂတ်လမ်းကို လျှောက်လှမ်းဖို့ အတိတ်ကိုလည်း လက်တွဲထားရသူပါ...
မိုးဖွဲဖွဲတွေ ကျဲချနေတဲ့ အဲဒီနေ့က သူ့မိခင် ကျမဆီ ရောက်လာခဲ့တယ်...
တစ်နေ့နေ့မှာ... ရောက်လာမယ်ဆိုတာ ကြိုးတွေးမိထားပေမယ့် ကျမမှာ သူနဲ့ မဝေးရအောင် ကြိုးစားကြည့်ချင်မိသေးတဲ့အတွက် ယိုင်နဲ့နဲ့ စိတ်အင်အားတွေနဲ့ပဲ ကျမ သူ့မိခင်ကို မျက်နှာချင်းဆိုင်ဖြစ်ခဲ့တယ်... ပညာတတ် သူ့မိခင်ရဲ့ သုံးနှုန်းလိုက်တဲ့ စကားလုံးတွေအောက်မှာ ကျမ အသက်ရှုသံတွေ ပျောက်ရှနေခဲ့တယ်... ကျမ မျက်ရည်တို့ တွဲလွဲမခိုလာနိုင်အောင် ကျမ နှုတ်ခမ်းအတွင်းသားတွေကို သွေးထွက်သည်အထိ ကိုက်မိသလား...
အနိုင်အပြုံးတစ်ခုနဲ့ ဂရုဏာသက်ခြင်းတစ်ဝက်ကို မျက်နှာပြင်ပေါ် ထင်ဟပ်ပြထားတဲ့ သူ့မိခင်ကို ကျမ စကားတစ်ခွန်း... အင်း... ဟုတ်တယ်... တစ်ခွန်းတည်းပါပဲ... ကျမ မေးခဲ့တယ်... "အန်တီ... မိဘတွေရဲ့ အမှားဟာ သားသမီးတွေအတွက် ထောက်ပြစရာ အပြစ်တစ်ခုလားဟင်..." သူ့မိခင် ငေးငိုင်သွားခဲ့တယ်... ကျမ အားထည့်ထားတဲ့အပြုံးမှာ မျက်ရည်စက်တို့ အသိန်းအသောင်းရှိခဲ့တယ်ဆိုတာ ကျမက လွဲရင် ဘယ်သူသိနိုင်မှာလဲ... အပြန်လမ်းမှာ သူ့မိခင်ရဲ့ အိမ်အပြန်ခရီးတစ်ထောက်စာ ကမ်းလှမ်းချက်ကို ကျမ ငြင်းပယ်ခဲ့တယ်... ကျမရဲ့ မျှော်လင့်ခြင်းတွေထဲ ကားအကောင်းစီးဖို့ဆိုတာ မပါဝင်ခဲ့ဖူးဘူးလေ... လူအမျိုးအစားအထွေထွေတွေနဲ့ ပြည့်ကျပ်နေတဲ့ လိုင်းကားကျပ်ကျပ်ပေါ်မှာ ကျမ မျက်ရည် ခိုးကျ,မိတယ်... အိမ်ထောင်ရေး မပြေလည်ခဲ့တဲ့ ကျမ မိခင်ရှေ့ ကျမ အပြုံးတွေနဲ့သာ စိမ်းစိုစေချင်ခဲ့သူပါ... မိခင်... အင်း... ကျမမှာ တွယ်တာစရာ မိခင်ပဲရှိခဲ့တာ ကြာခဲ့ပါပြီ... ဖခင်ဆိုတဲ့ ယောက်ျားတစ်ယောက်ကို တည်ပြီး ရှိရှိသမျှ ယောက်ျားတွေအပေါ် မုန်းတီးခြင်း၊ နားလည်ဖို့ကြိုးစားခြင်း၊ နာကျည်းခြင်း၊ အထင်သေးခြင်းစတာတွေကို အပေါင်းအနှုတ်အမြှောက်အစားတွေ လုပ်ခဲ့တာပါ... သူနဲ့ကျမှ... သူ့တစ်ယောက်နဲ့ကျမှ... ကျမဘဝ ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ခဲ့မိတာ... နွမ်းလျစွာ ကျော်ဖြတ်နေရတဲ့နေ့တွေမှာ သူနဲ့ ကျမ အရင်လို ပြောစရာစကားလုံးတွေ ရှားပါးနေခဲ့တယ်... ယုံကြည်ချက်အပြည့်နဲ့ ကျမ သူ့လက်တွေကို တင်းတင်းတွဲထားမိတဲ့အချိန်မှာ လူအားလုံးရဲ့ အကြည့်ရှုခံ ဘုံလူသားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်... ဘာကိုမှ ဂရုမထားခဲ့တာ ကြာလာတဲ့တစ်နေ့... ကျမ စာမေးပွဲတစ်ခုကို အရှုံးနဲ့ ရင်ဆိုင်လိုက်ရတယ်... ကျမရဲ့ ကောင်းကင်တစ်ခု စ,ပြိုခဲ့တယ်... အားလုံးရဲ့ ကွယ်ရာမှာ ကျမ ရှိုက်သံတွေ အမြင့်ဆုံးဒီဂရီတွေနဲ့ ရွာချပစ်ခဲ့တယ်... ကျမမှာ မိုးပြိုရင် ကာထားပေးမယ့် အမိုးလုံလုံ တစ်ခုတစ်လေမှ မရှိခဲ့တာ...
မောဟိုက်နေတဲ့ ရယ်မောခြင်းတွေနဲ့ သူ့ရှေ့ရောက်ဖြစ်ခဲ့ပေမယ့် ကျမအပြုံးတွေ အချိုဆုံးဖြစ်ခဲ့ပုံရပါတယ်... သူ သတိမထားမိခဲ့ဘူးလေ... အင်း... သတိကိုမပြုခဲ့တာပါ... "ငယ်... ပြောစရာရှိတယ်..." "အင်း... ပြောလေ..." သက်ပြင်းတွေကို အကြိမ်ကြိမ်ခိုးခိုးရှိုက်နေတဲ့ သူ့အသွင်ဆန်းက ကျမအသိတွေကို တံခါးလာစ,ခေါက်နေကြတယ်... ကျမ ရှိသမျှအင်အားတွေကို တစ်ချက်စုလိုက်ပြီး ခပ်နွေးနွေးလှိုင်းတစ်ခု ရင်တွင်းတစ်နေရာ... အတိအကျပြောရရင် နှလုံးသားတစ်နေရာကတစ်ဆင့် နှုတ်ခမ်းမှ လွှင့်ထုတ်မိတယ်... "ပြောလေ... ကို... ပြောစရာရှိတယ်ဆို..." စောင့်စားရခြင်းကို မုန်းတီးတဲ့ ကျမ သူ့ရှေ့တည့်တည့်မှာ ရပ်ရင်း သူ့ကို မော့ကြည့်ပြောလိုက်တယ်... အကြိမ်များစွာ စေ့စေ့ကြည့်ခဲ့ဖူးတဲ့ သူ့မျက်ဝန်းတွေ... နှုတ်ခမ်းတွေက ဒီနေ့ကျမှ ပိုကြည့်ကောင်းနေကြသယောင်ယောင်... "ကိုယ့်ကို ကျေးဇူးပြုပြီး မေ့ပစ်လိုက်ပါ... ကိုယ် အရာရာအားလုံးအတွက် တောင်းပန်ပါတယ်..." ဝေ့တက်လာတဲ့ ကျမမျက်ရည်တွေကို ခေါင်းတစ်ချက်မော့ရယ်ရင်း ခါထုတ်ပစ်လိုက်တယ်... နောက် ကျမ တစ်ဖက်ကို လှည့်လိုက်ပြီး ပြုတ်ကျလာတဲ့ မျက်ရည်တစ်စက်ကို သူမမြင်အောင် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်... ကျမစိတ်နှလုံးတို့ကို ကြိုးစားစုစည်းနိုင်ဖို့ ကျမမျက်ဝန်းတွေကို စက္ကန့်ဝက်လောက် မှိတ်ထားလိုက်တယ်... ကျမ သွေးတွေအေးစက်သွားစဉ်... သူ့ကို နာကျည်းခြင်းတွေ တနင့်တပိုးပါနေမယ့် အပြုံးတစ်ချို့နဲ့ ရင်ဆိုင်ကြည့်လိုက်တယ်... ပြီးတော့ "တောင်းပန်ဖို့မလိုပါဘူး... ဘယ်သူ့ကြောင့်လဲ သိခွင့်ရှိမလား..." "ကိုယ့်ကြောင့်... အရာရာအားလုံးက... ကိုယ်တစ်ယောက်တည်းကြောင့်ပါ... ကိုယ် ငယ့်ကို တကယ်ချစ်ခဲ့တာပါ..." ကျမ မအောင့်နိုင်စွာ ခေါင်းကိုမော့ပြီး အစွမ်းကုန် ပြုံးလိုက်မိတယ်... အင်း... အမှန်တော့... မဲ့လိုက်တာပါ... "ငယ်... အရာရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ်... ကိုယ့်ကြောင့် ငယ် ထိခိုက်သွားတာတွေအတွက် ကိုယ် တကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်..." "ရပါတယ်... ထားလိုက်ပါ... သွားတော့မယ်... ထွက်သွားပြီးရင်တော့ ဘယ်တော့မှ ပြန်မလှည့်နဲ့နော်..." ကျမ နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပါတယ်... အဲဒီအပြုံးမှာတော့ အရာ တော်တော်များများ ပါ,သွားခဲ့ပါတယ်... ကျမလှည့်ထွက်ခဲ့တယ်... ကျမမှာ အမှားမရှိခဲ့ဘူးလေ... ခံစားသင့်ရဲ့လား... သူက သားလိမ္မာဖြစ်ဖို့ ကြိုးစားနိုင်ရင် ကျမကကော... ကျမ ခေါင်းမော့ပြီး ဟက်ဟက်ပက်ပက်ရယ်မောပစ်လိုက်တယ်... နောက်တစ်ကြိမ် မိုးပြိုပြန်တာပဲလေ... မထူးတော့လည်း မထူးပါဘူး... အစ,ကတည်းက မိုးရေစိုနေပြီးသားပဲဟာ...
______________________________________< ။ >____________________________________
နေရာတစ်နေရာ ရနိုင်ဖို့အတွက် ကျမ ရင်းခဲ့ရတာတွေက တန်ဖိုးတွေတော့ မသေးခဲ့ပါဘူးလေ... ကျမ တစ်ချိန်က ရှုံးခဲ့တဲ့ စာမေးပွဲလေးကိုလည်း ကျမ ပြန်အနိုင်ရခဲ့ပါတယ်... မိုးတွေစိုခဲ့လို့ ကျမ ဖျားနာခဲ့ပေမယ့် အချိန်ဆိုတဲ့ သောက်ဆေး၊ အလုပ်ဆိုတဲ့ ထိုးဆေးတွေက ကျမကို ကောင်းကောင်းကုစားပေးနိုင်ခဲ့တယ်... ကျမမှာ အပြစ်တစ်စုံတစ်ရာမရှိခဲ့တဲ့အတွက် ထိုက်တန်သော ခံစားနာကျင်မှုတွေ ကျမမှာ မရှိသင့်ပါဘူးလေ...
ကျမ ပြုံးလိုက်မိတယ်... ပြီးတော့ ဒိုင်ယာရီလေးထဲက သတင်းစာ စာရွက်အပိုင်းလေးကို ပြန်ဖွင့်ဖတ်ကြည့်မိတယ်... "မွေးနေ့ဆုတောင်းလွှာ" တဲ့... အောက်ဘက် တစ်နေရာမှာတော့ ချစ်ဇနီးဆိုတာ အစပြုလို့ ချစ်သားချစ်သမီးတွေနဲ့... ပျော်ရွှင်ပါစေလေ... ငြိမ်းချမ်းစွာ ပျော်ရွှင်နိုင်ပါစေ... ရှင်းသန့်တဲ့၊ အနှောင်အဖွဲ့တွေမပါတဲ့ စေတနာတစ်ခု အရင်းပြုပြီး ဆုတောင်းမှုပြုလိုက်ပါတယ်... ဒိုင်ယာရီလေးကို လက်နှစ်ဖက်နဲ့ တင်းတင်းဖက်ရင်း အခန်းပြူတင်းမှတစ်ဆင့် ကြယ်တွေစုံစီခင်းကျင်းထားတဲ့ အဇာဋာကောင်းကင်ပြင်ကို လှမ်းကြည့်လိုက်မိတယ်... ကြည့်မိစဉ် ခဏမှာပဲ... ကြယ်စင်တစ်စင်း အဖော်မဲ့စွာ ကြွေဆင်းသွားတယ်...
Created By: k2tmaung (08 September 2009 Tuesday 03:12AM)
အဟဲ... ဘာဖြစ်သွားတာလဲ... မမေးကြနဲ့နော်... အပျိုကြီးလို့လာလာ ခေါ်ကြလို့ အပျိုကြီးတွေမှာလည်း ဇာတ်လမ်းလေးတွေ ရှိမှာပဲဆိုပြီး 'စဉ်းစား'မိလို့ပါ... ဟီး...
မှတ်ချက် - 'အတိတ်ရဲ့အရိပ်'ဆိုတဲ့ စကားစုကို ရုပ်ရှင်ဇာတ်ကားအဖြစ် လူထုကြား မရောက်ခင် သုံးခဲ့တာမို့ copy မဟုတ်ပါ...
ပညာ
3 days ago
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...