တဆိတ် များလွန်းတဲ့...
တာဝန်တွေရယ် ဆန္ဒတွေရယ် ခဏဘေးချိတ်ပြီး...
ဝါသနာပါရာ ငါ တိတ်တိတ်လေး...
စိတ်ကူးနဲ့ ကြည်နူးမိချင်တယ်...
မျက်စိတွေအသာမှိတ် ငါစိတ်ကူးထဲရှိသမျှ...
အခွင့်သာရှိရင် အထိန်းအချုပ်မဲ့ လေလွင့်ပစ်ချင်တယ်...
နားနှစ်ဖက်ကိုလည်းပိတ် စကားတွေ ထိတ်တုံးခတ်ထားတဲ့ အရပ်မှာ...
စိတ်မှန်းနဲ့ လွတ်လပ်စွာ ပျံသန်းကြည့်ချင်တယ်...
တိတ်ဆိတ်တဲ့ အာရုံခင်းမှာ ထိတ်လန့်တကြားနိုးထစရာမလိုဘဲ...
အိပ်ရေးဝဝလည်း အိပ်ချင်သေးတယ်...
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ ဟက်တက်ကိုကွဲလွဲ...
ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ တွန်းအားမပါဘဲ...
ငါ ရှေ့ဆက်တိုးနေရဆဲပါပဲ...
တစ်တောင်ကျော်လို့ တစ်တောင်တက်...
ဒီတစ်တောင်ပြီးရင် နားရမယ်အမှတ်နဲ့...
ငါဆက်ဆက်တက်ခဲ့တဲ့တောင်တွေ လှည့်ကြည့်မိရင်တော့...
ငါ့ကိုယ်ငါ အံ့ဩမိသလိုလို...
ညဘက်မှာ ကြယ်တွေ ခဏခဏငိုတယ်...
ငါ ဖန်တီးတဲ့ ကာရံတွေလည်း တစ်ခါတစ်ခါချိုတယ်...
သံမဏိ မဟုတ်တဲ့ ငါ့စိတ်အစဉ်ကလည်း မကြာမကြာ ပြိုလဲတယ်...
တိုတောင်းတဲ့ ဘဝ ရှေ့ဆက်နိုင်ဖို့ ငါ အားတစ်ခုတော့ လိုတယ်...
သို့ပေမယ့် မူယာများတဲ့လောကကိုတော့ ငါအထာမပိုခဲ့ဘူးထင်ပါတယ်...
လှည့်ကြည့်ရင် အရိပ်တောင် ခပ်ရေးရေးပဲရှိတဲ့နေရာမှာ...
ရည်မှန်းထားတဲ့ အနာဂါတ်ကလည်း ရေးတေးတေးပါပဲ...
ဖြစ်နိုင်ရင် အားလုံးနဲ့ ဝေးရာမှာ နားအေးအေးနဲ့ပဲ နေချင်တော့တယ်...
ငါ့ စရိုက်က များသောအားဖြင့် တေမိ...
စိတ်ပါရင် သာလိကာ အမျိုးလည်း လုပ်တတ်တယ်...
မျှော်လင့်ချက်တွေနဲ့ ပိနေတဲ့ငါ တစ်ခါတစ်လေလည်း ထိရှလွယ်နေတယ်...
ကိုယ့်အကြောင်းကိုယ်သိဖို့ လိုက်ကြည့်ရင်း...
ခု ငါကိုယ်ငါ မသိဆိုးရွားစွာ တစ်ပတ်လှည့်နေတယ်...
တွေးမိတွေးရာ ငါတွေးတယ်...
အတွေးထဲမယ် ချာချာလည်...
ဆန်းတော့ မဆန်းပါတယ်...
လောကကြီးက မကျဉ်းမကျယ် တည်ရှိတယ်...
သိပြီးသားတွေ သိနေပြီးကြောင်း ငါအတည်ပြုရင်း...
ဒီဝန်းကျင်မှာ ငါ ခြေချင်းထပ်တယ်...
သံသရာဆိုတာ လည်တဲ့အမျိုး ငါတိုးတိုးပြီး သိလာလေ...
ရှိခဲ့သမျှဝဋ် ဒီလူတစ်ဝတ်နဲ့တင် ကျေစေဖို့...
ငါ့စိတ်နဲ့ငါ အချေအတင် ဆွေးနွေးထားရတယ်...
နောက်ဘဝသာ လူထပ်ဖြစ်ခွင့်ရှိခဲ့ရင်...
အေးချမ်းတဲ့ လူသူကင်းဝေးရာမှာ လူပြန်ဖြစ်ဖို့...
ဒီဘဝမှာ မျိုးစေ့ချပြီး နောက်ဘဝကျမှ အသီးခူးတော့မယ်...
Created By: k2tmaung (07 August 2009 Friday 12:58AM)

0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...