နာကျင်တဲ့ ရင်တစ်ခု...
ဟင်းလင်းပြင်ဖြစ်သွားခိုက်...
ငါ ခေါင်းငိုက်စိုက်ကျသွားတယ်...
သူ့နံပါတ်စဉ်တွေထဲက နံပါတ်တစ်ခု...
လူတစ်စု ငါ့ကို မသတ်မှတ်ခင်...
လက်ဦးမှုကို ငါကြိုရှာယူနေရတယ်...
ဗရမ်းဗတာနဲ့ ထုံကျဉ်နေတဲ့ ငါ့နှလုံး...
ယဲ့တဲ့တဲ့အပြုံးနဲ့ ငါကိုယ်ငါ မီးပေါ်တင် ကျီစားမိခဲ့တယ်...
"ချစ်တယ်"ဆိုတဲ့စကား ဖောဖောသီသီ သူသုံးခဲ့တာများတော့... ငါ ယုံကြည်ဖို့ရာ နက်နက်တွေး ရေးရေးမြင်နိုင်ဖို့ ငါ အားထုတ်ရတယ်...
တောကျတယ်ဆိုချင်ဆို... ရိုးလှတယ်ပြောချင်ပြော...
၂၁ရာစုမှာ ငါဟာ ရှားပါးတဲ့ မိန်းမသားလို့...
ကိုယ့်ကိုယ်ကိုယ် တင်စားချင်တယ်...
အကြိမ်တိုင်း သူစိတ်ဆိုးသမျှ...
ငါ တိုးလျှစွာ အလျှော့ပေးခဲ့တာပေမယ့်...
ဒါ ငါ့ပင်ကို စရိုက်တော့ မဟုတ်ခဲ့ဘူး...
သူ့အကြောင်း ငါ မြေလှန်ရှာဖို့ ကြိုးစားချိန်...
သူက ငါ့နာမည်တောင် ရေးတေးတေး...
ငါ့အကြောင်းဆို ဝေလာဝေး...
ပြောရင် လွန်တယ်ထင်မှာဆိုး...
ငါ ထိုးကျိတ်ပြီး ထည့်ထားတဲ့...
မပြေလည်တဲ့ ငါ့စိတ်အထုံး...
ငါ အရှုံးမှန်းသိရဲ့နဲ့ မွေးမြူထားလိုက်သေး...
ငါ့မှာ ကျစရာ မျက်ရည်အပိုထက်...
အသွားထက်တဲ့ အပြုံးကို ဟန်လုပ်ထားရတယ်...
ဘယ်သူနဲ့ ပြိုင်ပြိုင်... ငါ အမြဲအနိုင်ပေးထားတဲ့ ငါ့မာနလေး...
သူနဲ့ကျမှ ခဝါချနေရတာ... ငါ စိတ်သက်သာရာ ရမယ်ထင်လား...
သူ့အချစ်ကို ဖိတ်ခေါ်ဖို့...
တစ်ဖက်မှာ ငါ့အသိုင်းအဝိုင်းကိုလည်း စိန်ခေါ်ရလိမ့်ဦးမယ်...
မောပန်းတဲ့ငါ... နောက်ဆုံးမှာ လုံးပါးပါးလို့ ငါ့စိတ်အနာတရ ဖြစ်ရဦးမှာ...
တွေးကြည့်ရုံနဲ့တင် ငါ နုံးချိလို့နေတယ်...
တစ်နဲ့တစ်ပေါင်းရင် နှစ်ရ,ရမယ့်အစား...
တစ်ပြန်ကျတဲ့ ဘဝမျိုး ငါ ရမှာကိုလည်း...
စိုးကြောက်တယ်...
မပြေလည်တဲ့ဘဝ ငါ နေသားကျခဲ့ရဖူးတော့...
မပြည့်စုံတဲ့ဘဝ နောက်ထပ်ကြုံရမှာလည်း ငါ ကြောက်တယ်...
ငါ့အတွက် သူက အစစအရာရာ ပထမ...
သူ့အတွက် ငါက ခုတော့ နောက်ဆုံး...
နောက်နှစ်အဆက်ဆက်မှာ ငါ့အမှတ်စဉ်က...
ဘယ်လောက်ဖြစ်မလဲ ငါအတွေးမဆုံးနိုင်ခဲ့...
တစ်ခုယူရင် တစ်ခုပြန်ပေးရမယ်ဆိုတဲ့ ငါ့မူထုံး...
အကြိမ်ကြိမ် ငါ ကျရှုံးဖို့တော့ မတတ်နိုင်...
ဘာပြန်ရမယ်မှန်းမသိတဲ့ ယုံကြည်မှုတစ်ဝက်တစ်ပျက်...
ငါကျင့်သုံးတဲ့ နှလုံးမူထုံးအတိုင်း နားလည်ပေးဖို့ ငါ ကြိုးစားဆဲ...
နားလည်ပေးဖို့ ကြိုးစားရင်းက... နာကျင်နေခဲ့တာကိုလည်း သတိထားမိနေဆဲ...
သဘောထားကြီးနိုင်ဖို့ ဇွဲတင်းရင်းကလည်း... ငါ ဝန်တိုမိစ္ဆယစိတ်တွေ ဖြစ်ပေါ်လို့လာနေဆဲ...
မောပန်းတယ်... လောကဓံရယ်...
တောင်းပန်မယ်... လှည့်ပြန်ပေးပါလို့...
ငါ ကျောခိုင်းဖို့ မတတ်နိုင်လို့...
သူ ထားခဲ့ပေးဖို့ တောင်းဆိုကြည့်တာပါ...
မမျှော်လင့်နဲ့လို့ ပြောဖို့ ငါ ကြိုးစားတိုင်း...
ငါ့ အသက်ရှုသံတွေ ပြောင်းပြန်ဖြစ်နေတယ်...
ငါ သက်ပြင်းတွေ လူမသိ သူမသိ အခါများစွာ ခိုးခိုးချမိတယ်...
ငါ့ရင်ခုန်သံတွေ ပြောင်းလဲမယ့်အချိန် ငါကိုယ်တိုင်မသိလိုက်ခင်...
ဇာတ်သိမ်းခန်းကို မြန်မြန်ဆက်လိုက်ကြပါစို့...
Created By: k2tmaung (27 July 2009 10:58AM)

1 comments:
ကဗျာလေးကတော့တကယ်ကောင်းတယ်..
ကဗျာလေးတွေဖတ်ရင်းအမစိတ်ကိုနဲနဲတော့
ခန့်မှန်းကြည့်လို့ ရခဲ့တယ်..
တကယ်ပြတ်သားတဲ့ လူတယောက်ဆိုတာ...
ကောင်းပါတယ်..
ဘယ်အရာမဆိုအဲ့လိုပြတ်ပြတ်သားသားလုပ်နိုင်တာ...
kiim ကတော့အခုထိမလုပ်နိုင်သေးဘူး..
လေးစားပါတယ်...။
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...