18 October 2010 Monday
မနက် ၈နာရီ သံပတ်ပေးထားပေမယ့် ညက အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေက ဖွင့်မရဘဲ ပြန်အိပ်ပျော်သွားခဲ့တယ်... ပြန်နိုးလာလို့ နာရီကြည့်လိုက်မိတော့ ၉နာရီ... "ဟိုက်... ထမှပဲ..." ဆိုပြီး မူးနောက်နောက်နဲ့ပဲ ရေချိုးခန်းထဲ တန်းဝင်ခဲ့တယ်... ခေါင်းလျှော်ရေမိုးချိုးပြီး ပြန်ထွက်လာတော့ ၉နာရီခွဲဖို့ ငါးမိနစ်အလို... "သွားပြီ... နောက်ကျပြန်ပြီ"ပေါ့... ဒါနဲ့ ကမန်းကတန်း အလှပြင်ပြီး လွယ်နေကျ အိတ်လေးလေးကြီးကိုထားပြီး တစောင်းအိတ်ပါးပါးပေါ့ပေါ့ကို ကောက်လွယ်... ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး iPod Touch နဲ့ ear phone ကို တစောင်းအိတ်ထဲ အမြန်ထိုးသိပ်ထည့်... ခြေအိတ်ကို ကမန်းကတန်းဝတ်ရင်း ဘုရားကို စိတ်မှန်းနဲ့ ကန်တော့... အိမ်သော့သော့ဆွဲပြီး ထွက်လာ... လှေခါးမှာ ဖိနပ်ကြိုးချည်ပြီး "တစ်နေ့တစ်နေ့ ဒီဖိနပ်ကြိုးချည်ရတာ အလုပ်တစ်ခု"ရယ်လို့ စိတ်တိုမိတယ်... မခြောက်သေးတဲ့ ဆံပင်ကို လက်တစ်ဖက်နဲ့ ဆွဲဆွဲဖွရင်း သီချင်းနားထောင်ဖို့ iPod Touch ကို အိတ်ထဲက ဆွဲအထုတ်... အိတ်ထဲ တစ်ခုခုလိုနေတယ်လို့ ခံစားမိတော့ မေ့တတ်တဲ့ ဦးနှောက်ကို အပြေးအလွှား အလုပ်ပေးရတော့တာပေါ့... ဘာကျန်ခဲ့ပါလိမ့်... ဘာကျန်ခဲ့ပါလိမ့်...??? ခပ်လှမ်းလှမ်းရောက်မှ "ဟိုက်..." ပိုက်ဆံအိတ် ပါ,မလာမှန်း သတိရတော့တယ်... ပိုက်ဆံအိတ်က ပြန်မယူလို့မဖြစ်... MRT ကဒ်က အိတ်ထဲမှာလေ... ဒါ မပါ,ရင် မဖြစ်တော့ အိမ်ပေါ်ပြေးတက်... အိမ်ဝမှာ ဖိနပ်ကို အမြန်ချွတ်... အိမ်တံခါးမကြီးကို သော့တစ်ခါဖွင့် နောက် ကိုယ့်အခန်းတံခါးကို သော့တစ်ခါဖွင့် ဝင်... ပိုက်ဆံအိတ်ကို အမြန်ဆွဲယူရင်း မေ့တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အထပ်ထပ် ကျိန်ဆဲမိတယ်... အိမ်ပြင်ပြန်ရောက်တော့ ဖိနပ်ကြိုးက တစ်ခါ တပ်ရပြန်ရော... နာရီကြည့်လိုက်တော့ ၉နာရီ ၄၅မိနစ်... ဒီနေ့လည်း နောက်ကျပြန်ပြီလေ... MRT ကို အပြေးတစ်ပိုင်း လမ်းလျှောက်လာရင်း သီချင်းနားထောင်လိုက်သေးတယ်... လမ်းမှာ စာရက်ငှက်လေး တစ်ကောင်တည်း တွေ့တော့ မျက်စောင်းထိုးမိတယ်... "ဟွန်း... ကံမကောင်းအောင် တစ်ကောင်တည်း လာပြရလား"ပေါ့... မီးပွိုင့်နှစ်ခုကို အပြေးအလွှား ဖြတ်ပြီး MRT Station ရောက်တော့ ရထားက ခုပဲ ထွက်သွားပြန်တယ်... နောက်တစ်စီးက နောက် ၅မိနစ်မှ... "သေချင်တာပဲ..."လို့ စိတ်ထဲက ရေရွတ်ရင်း သက်ပြင်းချရင်း နာရီကြည့်လိုက်တော့ ၁၀နာရီထိုးဖို့ ၅မိနစ်အလို... "ဒီလိုမှန်းသိ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတယ်... မောလိုက်တာ... ရေလေးတောင် မသောက်လာရဘူး"လို့ တွေးရင်း သက်ပြင်းမောတွေ ခဏခဏ ချမိတယ်... စာရက်လေး နှစ်ကောင် ရှေ့က ပြန်သွားတာထပ်တွေ့ရတော့ တစ်ချက် ပြုံးလိုက်မိသေးတယ်...
အလျင်အမြန်လမ်းလျှောက်ထားရတဲ့ အရှိန်တွေကြောင့် အမောစို့နေတယ်လို့ပဲ ပြောရမလား... တော်တော်လေးကို မောဟိုက်နေတော့တယ်... ရုတ်တရက် ရင်ဘက်အလယ်ဘက်က စ,အောင့်လာပြီး အသက်ရှုကျပ်လာတယ်... ဖြစ်နေကျ အခြေအနေ တစ်ခုမို့ တစ်နေရာရာမှာ ထိုင်ချလိုက်ချင်ပေမယ့် ရထားက ကိုယ့်ရှေ့ကို ဆိုက်နေပြီလေ... ရင်ဘတ်ထဲကလိုလို ဗိုက်ထဲကလိုလိုနဲ့ အဆက်မပြတ် အောင့်နေရင်း လူက တော်တော်လေး မူးလာပြီ... ကိုယ့်အခြေအနေ ကိုယ်သိတော့ ထိုင်စရာလေး၊ မှီစရာလေးများရှိမလားရှာတော့ ရထားထဲမှာ လူက အပြည့်အကျပ်... ပုံမှန်ဆို ရထားပေါ် ဒီအတိုင်း ဘာမှမကိုင်ဘဲ မတ်တပ်ရပ်စီးနေကျပေမယ့် အခြေအနေမဟန်တာ ကိုယ့်ဘာသာပဲသိတော့ လက်ကိုင်ကွင်းတစ်ခုကို အပြေးလုကိုင်ရတယ်... ရင်ဘတ်အောင့်အသက်ရှုကျပ်ပြီး မူးလာတာအပြင် အန်ချင်စိတ်တွေပါ ဖြစ်လာတော့တယ်... ပါးစပ်ကို လက်တစ်ဖက်နဲ့ပိတ်ထားရင်းက တစ်ချက်တစ်ချက် ပျို့ပျို့တက်လာတာက တကယ်အန်တော့မယ့်အတိုင်း... ဘေးလူတွေ မြင်ရင် ငါ့တော့ တစ်မျိုးထင်တော့မှာပဲလို့ တွေးမိပြီး ရှက်လည်းရှက်ချင်... လူတွေ ပြည့်ကျပ်နေတော့ ကိုယ့်တစ်ယောက်ကိုမှ ရွေးပြီး ဘယ်သူမှ သတိပြုမိမှာ မဟုတ်ပါဘူးလေလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သေးတယ်... ချွေးစေးတွေက အဆက်အပြတ်ထွက်လာပြီး လူက ဆက်ရပ်နေဖို့တောင် အားက မရှိချင်... လက်ကိုင်ကွင်းကို လက်နှစ်ဖက်လုံး အားပြုပြီး ခေါင်းကို လက်တွေပေါ် မှေးတင်ထားလိုက်တယ်... ရုတ်တရက် လူတွေ အားလုံး စိမ်းတိန်းတိန်းပြာတာတာတွေ ဖြစ်လာတယ်... "ဘုရား... ဘုရား... ငါ လဲကျသွားလို့ မဖြစ်ဘူး... ငါ လဲကျသွားလို့ မဖြစ်ဘူး..."လို့ အဆက်မပြတ် စိတ်ထဲက အော်ပြောရင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေမိတယ်... မျက်လုံးစုံမှိတ်ပြီး လက်ကိုင်ကွင်းကိုင်ထားတဲ့ လက်တွေပေါ် ခေါင်းကို မှောက်ချထားလိုက်တယ်... စီးရမှာက ၄ဂိတ်ထဲ... ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့ ဘယ်ရောက်လို့ရောက်မှန်းမသိ... ဒုတိယအကြိမ် မျက်စိဖွင့်ကြည့်တော့ အားလုံးက အမှောင်ထုထဲမှာ... ကိုယ့်ကိုယ်ကိုယ်တောင့်ထားဖို့ အားပေးရင် လဲကျသွားမှာကို ရှက်နေမိတယ်... "လဲလို့မဖြစ်ဘူး"လို့ စိတ်ကိုတင်းရင်း အတွေးထဲ အစ်မတစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းဝင်လာတယ်... "ငါ့ညီမ ခဏခဏမူးတတ်တော့ သကြားလုံးလေးဘာလေးဆောင်ထားလေ..."တဲ့... အိတ်ထဲ အမြဲ ဆောင်ထားလေ့ရှိတဲ့ Tic Tac Mints လေးကို သတိရသွားတယ်... လက်တစ်ဖက်နဲ့ အိတ်ထဲ စမ်းနှိုက်ရှာဖွေပြီး ခိုးကြောင်ခိုးဝှက် ပါးစပ်ထဲ ထည့်လိုက်တယ်... (ရထားပေါ်မှာ အစားမစားရဘူးလေ...) အဲ့ဒီ ချဉ်ပြုံးပြုံး လိမ္မော်သီးအရသာလေးကြောင့်ပဲလားတော့မသိ ဘေးပတ်ဝန်းကျင်ကို ခဏအကြာမှာ ပြန်မြင်လာရတယ်... နားစွင့်လိုက်တော့ ဆင်းရမယ့် မှတ်တိုင်တောင် ရောက်နေပြီလေ... ရထားအရပ်မှာ လူတွေနဲ့ တိုးထွက်ရင်း အံကြိတ်ပြီး လမ်းဆက်လျှောက်လာခဲ့တယ်... တစ်နေရာရာမှာ ပစ်လဲထိုင်ချလိုက်ချင်ပေမယ့် နောက်ကျနေတာက တစ်ကြောင်း လူတွေ သို့လောသို့လော ကြည့်မှာကို မခံနိုင်တာက တစ်ကြောင်းမို့ ဖြည်းဖြည်းနဲ့ အားတင်းဟန်လုပ်ပြီး ဆက်လျှောက်လာခဲ့တယ်... လူကောင်းတစ်ယောက်လို တည့်တည့်မတ်မတ် လျှောက်နေတာ မဟုတ်မှန်းသိပေမယ့် အားတင်းပြီး လျှောက်လာလိုက်တာ ကိုယ်ဦးတည်ရာကိုတော့ ရောက်သွားခဲ့တယ်...
မနက်စာ ငုံ့စားနေတဲ့ ရှောင်ချောင်ကို လှမ်းတွေ့လိုက်ရတယ်... သူ့ဘေးက ဆိုဖာမှာ ဝင်ထိုင်ရင်း လူက မှောက်သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့... (ညီမလေး)" လို့ ခေါ်ရင်း "နေမကောင်းဘူးလား... ဘာဖြစ်လာတာလဲ..."လို့ ပူပူပင်ပင် မေးရှာတယ်... "အင်း... အရမ်းခေါင်းမူးနေတယ်"ဆိုတော့ ဘာဆိုလား သွားယူပေးမယ် သောက်လိုက်တဲ့... သေချာမကြားလိုက်ပေမယ့် ခေါင်းငြိမ့်လိုက်တော့ ရှောင်ချောင် အနားက ထ,သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့..." ဆိုတဲ့ နစ်ကိုးလ်အသံကို ကြားပေမယ့် လှည့်ကြည့်ဖို့ အားမရှိ... ရှောင်ချောင် နဲ့ နစ်ကိုးလ် စားပွဲမှာ လာထိုင်ရင်း တစ်ယောက်တစ်ပေါက် မေးနေကြတယ်... နစ်ကိုးလ်က လက်ထောက်ပြီး ကိုယ့်ခေါင်းကိုယ် အားပြုထားတဲ့ လက်ဖျံကို လာကိုင်တယ်... ရုတ်တရက် သူလန့်သွားပုံရတယ်... "လက်တွေက အေးလှချည်လား"လို့ သူ အံ့ဩတကြီး ပြောတယ်... "ဆေးခန်းသွားပြမလား"တဲ့... ခေါင်းခါလိုက်တယ်... ဒီလောက်ကြီး ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် ဒီလိုမျိုးမူးတတ်တာက ခဏခဏ ဖြစ်နေကျမို့ ဆေးခန်းလည်း သွားမပြချင်ပါဘူး... ရှောင်ချောင် ပေးတဲ့ ဖန်ခွက်ကို မော့သောက်လိုက်ပြီးမှ ကြည့်လိုက်တော့ ကော်ဖီနွေးနွေးတွေ... ခွက်ကို အသာပြန်ချရင်း သန့်စင်ခန်းသွားဦးမယ်ဆိုပြီး ဒရီးဒယိုင်နဲ့ ထွက်လာခဲ့တယ်... သန့်စင်ခန်းရဲ့ auto တံခါးအပွင့် မှန်မှာ မြင်ရတဲ့ ကိုယ့်ပုံက နဂိုဖြူတဲ့အသားအရည်ထက် သွေးတွေဆုတ်နေသလိုလို... သန့်စင်ခန်းမှာ ကြာလို့ ထင်ပါရဲ့... ရှောင်ချောင် လိုက်လာတယ်... လူက ခုနကလောက် မဟုတ်တော့ပေမယ့် အနည်းငယ်တော့ မူးနေသေးတယ်... သန့်စင်ခန်းက ပြန်လာတော့ ရေနွေးတစ်ခွက် သွားထည့်ပြီး ဆိုဖာမှာ ပြန်လာထိုင်လိုက်တယ်... ရှောချောင်က သူ ယူလာပေးတဲ့ ကော်ဖီတွေ သောက်ဖို့ ပြောတယ်... အားနာနာနဲ့ပဲ ကော်ဖီနဲ့ မတည့်တဲ့အကြောင်း ရှင်းပြလိုက်ရတယ်... ကော်ဖီမှမဟုတ်ပါဘူး... ကဖင်းပါတဲ့ အစားအစာတွေ စားမရတာမို့ ညက အိပ်ရာဝင်နောက်ကျတဲ့အပြင် coke တွေ သောက်ပြီး အိပ်ယာထဲ တော်တော်နဲ့ အိပ်မပျော်တာ သတိရမိသွားတယ်... နောက်တော့ တဖြည်းဖြည်းနဲ့ နည်းနည်းမူးတာကလွဲပြီး အခြေအနေ ပြန်ကောင်းလာခဲ့တယ်... ရှောင်ချောင်ချက်ပေးတဲ့ ဖက်ထုပ်ကြာဆံပြုတ်တွေ သောက်လိုက်ပြီးတော့ ပိုကောင်းသွားသလို ခံစားရတယ်...
အခြေအနေပြန်ကောင်းလာမှ ပြန်ပြုံးလာနိုင်တော့တယ်... သူတို့လည်း ကျမ အပြုံးတွေ မြင်မှ စိတ်သက်သာပုံ ရသွားကြတော့တယ်... ရှောင်ချောင်ကတော့ သူ့ကို လန့်အောင် လုပ်တယ်ဆိုပြီး မျက်စောင်းတထိုးထိုးနဲ့... နစ်ကိုးလ်ကတော့ "အခြေအနေကောင်းပြီလား... မူးလဲမသွားနဲ့နော်..."လို့ လာလာနောက်နေတယ်... နစ်ကိုးလ် ဖုန်းလှမ်းဆက်လိုက်လို့လားတော့မသိ ဖလောရန့်စ် ရောက်လာတယ်... "ငါသိတယ်... ငါသိတယ်... အိုက်ချင်ပင့်..."လို့ သူကလည်း လာနောက်ပြန်တယ်... အဲ့ဒါနဲ့ အဲ့လိုနဲ့ ကိုယ့်တာဝန်တွေ မပျက်ကွက်ချင်တာနဲ့ပဲ ညနေမှ အိမ်ပြန်နားဖြစ်တော့တယ်...
လူက အနားရသွားတော့ တောင်တောင်အီအီတွေ လျှောက်တွေးဖြစ်ပြန်တယ်... ငါသာ အခုနေ တစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် ငါချစ်တဲ့ အဝေးမှာရှိနေတဲ့သူတွေ တစ်ခုခုဖြစ်သွားရင်ဆိုပြီးတော့ပေါ့... :P လောကမှာ ကိုယ်ကစိတ်ရင်းအမှန်နဲ့ တကယ်ချစ်ခင်ရတဲ့သူ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်ကြတဲ့သူတွေကို တန်ဖိုးထားတတ်ဖို့တော့ လိုမယ်ထင်ပါတယ်... ဘဝမှာ ကံကောင်းတာလေးတစ်ခုက ကျမအပေါ် စိတ်ရင်းမှန်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းများစွာ ရရှိခဲ့တာကိုပါပဲ...
(ဒီစာစုနှင့်အတူ ကျမအပေါ် ခံစားနားလည်၊ ကြင်နာဂရုစိုက်တတ်တဲ့ ကျမမိဘ၊ ကျမချစ်သူ၊ ကျမမောင်နှမ၊ ကျမသူငယ်ချင်းမိတ်ဆွေတွေ အားလုံး တစ်ယောက်ချင်းစီရဲ့ ကောင်းကွက်လေးတွေကို သတိရမိသလို ကျေးဇူးလည်းတင်မိပါတယ်... နောက် "မူးတတ်ရင် သကြားလုံး ဆောင်ထားနော်"လို့ အမြဲ သတိတရ ပြောတတ်တဲ့ မစံပယ်ကို အထူးသတိရပြီး ကျေးဇူးတင်မိပါတယ်... :P နောက် ရှောင်ချောင်၊ နစ်ကိုးလ် နဲ့ ဖလောရန့်စ် ကိုလည်း ကျေးဇူးတင်ပါ၏...)
Created By: k2tmaung (20 October 2010 Wednesday 08:18PM)
Posted by
k2tmaung
comments (0)