Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

















တစ်နေ့... ကြုံကိုကြုံလာရမှာတွေပေမယ့်... ရုတ်တရက် ချက်ချင်းဆိုတာတွေနဲ့ ဟန်မဆောင်နိုင်မှာစိုးတယ်...

ဆုတစ်ခုပဲ တောင်းလို့ပြည့်မယ်ဆို ပြင်ဆင်ချိန်လေး ရပါရစေ၊ လုပ်ပေးနိုင်စွမ်းနဲ့ လုပ်ပေးနိုင်ဖို့အခွင့်အရေးလေး ရနိုင်ပါစေလို့ပဲ...

ကိုယ်သာလျှင် အရင်ထွက်ခွာသူ ဖြစ်ချင်ပေမယ့် ကိုယ်သာလျှင် ရပ်ကျန်နှုတ်ဆက်နိုင်စွမ်း ပိုရှိမယ်ထင်ပါတယ်...

အဲ့ဒီအချိန်ကို မရေရာတဲ့ကိုယ့်အနာဂတ်ထက် ပိုကြောက်တယ်...

ကိုယ့်အတွက် နောက်ဆံမတင်းဖို့လည်း အများကြီး ကြိုးစားရဦးမယ်...

ရှိတယ်ဆိုတဲ့ အသိ... မရှိတော့မှာ စိုးတယ်...

အဝိဇ္ဇာဖုံးတဲ့ အတ္တမကင်းတဲ့လူသားပီပီ တခြားသူနာမ်စားတပ်ရင်း အမှန်စင်စစ် ကိုယ်ဟာ ကိုယ့်အတွက်ကိုယ် ပူလောင်နေခြင်းပါပဲ...



(ကိုယ့်သူငယ်ချင်းရဲ့အဖေ အခြေအနေမကောင်းဘူးလို့ကြားတဲ့အချိန်၊ ကိုယ်နဲ့သိတဲ့အမတယောက်ရဲ့ အမေရုတ်တရက်ထွက်ခွာသွားတယ်လို့ ထပ်သိလိုက်ရတဲ့အခါ...
ဘဝမှာ ဘာကို အကြောက်ဆုံးလဲလို့ လွန်ခဲ့တဲ့ ၅နှစ်လောက်က မေးခွန်းထုတ်ခံရဖူးတယ်... အဲ့တုန်းက ငါအခုနေသေသွားမှာကိုတော့ ကြောက်တယ်လို့ ဖြေခဲ့ဖူးတယ်၊ ဘာလို့ဆို ကိုယ်လုပ်ချင်ဖြစ်ချင်တာတွေ ဘာမှဖြစ်မလာသေးဘူးလေလို့ ဖြေခဲ့တယ်... ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကိုယ်အကြောက်ရဆုံးအရာကို ရှာတွေ့မိတယ်ထင်ပါရဲ့... ဖြစ်မလာသေးတဲ့အရာတွေကို ကိုယ်ဟာ သိပ်ပြီးတွေးတောပူပင်လေ့မရှိဘူး... ဘယ်အရာကမှလည်း ကိုယ့်ကိုတွေးကြောက်ပြီး မျက်ရည်မကျစေခဲ့ဖူးဘူး... ကိုယ့်အတွက်အချိန်မကျန်တော့ရင်လို့ တွေးမိရင်တောင် မတုန်လှုပ်မခြောက်ခဲ့ဖူးဘူး...
၂၀၁၁ တုန်းက အိပ်မက်ထဲမှာ အဖေထွက်သွားတယ်လို့ မက်ခဲ့တုန်းက ဘဝမှာ ပထမဆုံးအကြိမ် စကားတောင် မပြောနိုင်လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရဖူးတယ်... ခုတော့ ဖြစ်မလာသေးတဲ့အရာကို အတွေးနဲ့တင်...
ကိုယ့်ခံစားချက်ကို ကိုယ်ငဲဲ့ကြည့်ရင်း ကိုယ်သာလျှင် ခံစားရသူ၊ ကိုယ်သာလျှင် လက်ပြနှုတ်ဆက်ကျန်ခဲ့ရသူ ဖြစ်ရပါစေသားလို့... )

Created By: k2tmaung (31 August 2023 Thursday 07:18am)

ဆက်လက်ဖတ်ရှုရန်...


လုပ်ချင်တယ် လုပ်ဖို့လည်း အခွင့်အရေးရှိတယ် လုပ်လည်းလုပ်နိုင်တယ်... ဆိုတော့ လုပ်ဖြစ်အောင်လုပ်တယ်...

ကိုယ် အပေါ်ရောက်တော့ ကိုယ့်ရှေ့မှာ ခုန်ဖို့ ယောကျ်ားလေး ၂ယောက် မိန်းကလေး ၁ယောက်...
ကိုယ့်မောင်လေး ညီမလေးတွေနဲ့ အပေါ်တက်သွားပြီး အစကတော့ နောက်နောက်ပြောင်ပြောင် ခုန်ဆွခုန်ဆွပဲ... နောက်တော့ ကိုယ့်အလှည့်ရောက်လာတော့မှာဆိုတော့ ရင်ခုန်သံတွေ ပိုမြန်လာတယ်၊ အသံတိတ်လာတယ်၊ အဲ့အချိန်ဘာတွေးလဲဆိုတော့ ဘာမှမတွေးဘူး... ကိုယ်က nervous ဖြစ်ရင် stress များရင် depression ရရင် ပုံမှန်ဟီးဟီးဟားဟားနေတာရဲ့ ဆန့်ကျင်ဘက် too quiet ဖြစ်တယ်... ကိုယ့်ရှေ့က မိန်းကလေးက မခုန်ရဲလို့ အကြာကြီး... နောက်ထပ် ကိုယ့်နောက်မှာ ခုန်မယ့် ကောင်မလေးက စိတ်လှုပ်ရှားလို့ထင်ရဲ့ ကိုယ့်ဘေးမှာ ထိုင်ရင်း ကိုယ့်ကို စကားတွေလာပြောတယ်... ကိုယ်က ငြိမ်ငြိမ်နေချင်တဲ့အချိန် ကိုယ့်စိတ်ကိုယ် စုစည်းနေတဲ့အချိန် စကားတွေလာပြောတော့ အင်း သူ့စကားနားမလည်သလိုလို အာရုံက သိပ်မရဘူးရယ်... မှတ်မိလိုက်တာကတော့ 'u look so calm for ur 1st time' တဲ့ အင်း... ကဖင်းနဲ့မတည့်တဲ့ကိုယ် ကော်ဖီတွေသောက်လို့ ရင်တုန်တာလောက်တော့ ရင်တလှပ်လှပ်နဲ့မောမနေခဲ့ဘူးဆို ယုံမလား...

ဆက်လက်ဖတ်ရှုရန်...





















'Happy Birthday' တဲ့

စက္ကန့်ပိုင်းလောက် ဖုန်းကို ကိုင်ရင်း ရပ်တန့်သွားမိတယ်ထင်တယ်...

ဘယ်အရာကများ ကိုယ့်မွေးနေ့ကို သတိထားမိစေတာပါလိမ့်... လို့

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခုလိုပဲ မွေးနေ့ဆုတောင်းပေးလို့ ကိုယ့်မွေးနေ့ကို မှတ်မိနေသေးတာလားလို့ မေးမိတယ်... မမှတ်မိပါဘူးတဲ့... ကိုယ့် gmail ရဲ့ calendar က သူ့ gmail မှာ share လုပ်ထားတာ မဖြုတ်ရသေးလို့ reminder တွေ လာပေါ်နေလို့ သိတာပါတဲ့... "ဪ"လို့ တခွန်းပဲ ကိုယ့်စိတ်ထဲကိုယ် ရေရွတ်မိတယ်ထင်တယ်... အဲ့တုန်းက အဲ့ share ထားတဲ့ calendar ကို သူ့ရည်းစားတွေ့မှာစိုးလို့ဆိုပြီး အတင်းပြန်ဖြုတ်ခိုင်းတာ မှတ်မိနေသေးတယ်... အရေးတကြီး အလောသုံးဆယ်မို့ စိတ်တိုလို့ "သမီးရည်းစားအဖြစ်က ပြတ်လို့ ၃/၄နှစ်လားရှိနေပြီ ခုမှ ပြောရလား"လို့တောင် စိတ်တိုတိုနဲ့ ပြောမိသေးတာကိုလည်း မှတ်မိသေးတယ်... ဒါဆို ကိုယ်နဲ့သူနဲ့ ဘယ်လို link မျိုး ရှိနေသေးလို့ ကိုယ့်မွေးနေ့ကို သတိထားမိပြီး bday wish လာလုပ်တာပါလိမ့်လို့ တွေးရင်း ငါ ဘာတွေများ မပိတ်၊ မဖြုတ်၊ မသိမ်းမိတာပါလိမ့်လို့ အထပ်ထပ်စဥ်းစားပေမယ့် စဥ်းစားလို့ အဖြေမရခဲ့...
ပြီးတော့ ဘယ်လိုတုန့်ပြန်မှုမျိုး ပေးရမလဲလို့ ကိုယ် တနေကုန် တွေးမိခဲ့တယ်...

နောက်ဆုံး...
ဘာမှမတုန့်ပြန်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ထိရှနာကျင်ခြင်းမှ အကာကွယ်နိုင်ဆုံးဖြစ်မယ်လို့ပဲ ဆုံးဖြတ်မိတယ်...

တော်ပြီလေ...
ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းဆိုတာ အတိုင်းအတာ ရှိသင့်တယ် မဟုတ်လား...

ဆက်လက်ဖတ်ရှုရန်...

















"You only regret the things you don't do."
Gary Vaynerchuk

လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်၊ ပြောသင့်ပြောထိုက်တာကို ပြောတယ်၊၊
ဘယ်သူ့အတွက်မှ လုပ်ခြင်း၊ ပြောခြင်းမဟုတ်... တနေ့မှာ ငါ မလုပ်ပေးလိုက်ရလေခြင်း၊ ငါ မပြောလိုက်ရလေခြင်းလို့ ကိုယ့်ကိုယ်ကိုယ် နောင်တမရချင်လို့... ဒါ ကိုယ်ခံယူထားတာ...

အရင်တုန်းက သူများအကြောင်းလည်း မသိချင်သလို ကိုယ့်အကြောင်းလည်း ပြောပြလေ့မရှိဘူး...
ခုအသက်အရွယ်မှာ ဖြတ်သန်းခဲ့ရတဲ့ ဘဝအဆစ်အချိုးတွေကြောင့် သူများအကြောင်းလည်း စိတ်ဝင်စားသလို တဖက်လူက သူ့အကြောင်းပြောပြနိုင်ဖို့ လွယ်ကူအောင် လိုအပ်ရင် ကိုယ့်အကြောင်းလည်း အိတ်သွန်ဖာမှောက် ပြောပြတတ်တယ်...

လူတိုင်းက ဘဝမှာ အမှားတွေ ရှိကြမှာပါပဲ...
ကိုယ့်အမှားကိုယ်ပြင်နိုင်သလို သူများအမှားကို မြင်ပြီးလည်း သင်လို့ ရနိုင်ပါတယ်...
သူတပါးထိခိုက်နစ်နာရအောင် လုပ်ထားတဲ့အမှား မဟုတ်တဲ့အတွက် ထိန်ချန်လျှို့ဝှက်ထားဖို့ မလိုအပ်သလို အဲ့အမှားတွေကနေ အမှန်တွေမြင်တတ်လာတာမို့လည်း အဲ့အမှားတွေကို မမေ့လျော့ထားသင့်ဘူးလို့ ထင်တယ်...

"မှန်တာကို ပြောရဲတာဟာ သတ္တိဆိုရင် မှားတာကို မှားတယ်လို့ ဝန်ခံရဲတာလည်း သတ္တိပဲ"တဲ့...
သတ္တိရှိရှိ နေထိုင်ဖို့ ကြိုးစားခြင်းဟာ အကျိုးမယုတ်စေပါဘူး...

ဆက်လက်ဖတ်ရှုရန်...


















ဘဝက တစ်နဲ့တစ်ပေါင်းရင် နှစ်ရတယ်ဆိုတဲ့ ပုံသေနည်းလို မဟုတ်ဘူး...
ကြိုးစားတဲ့သူတိုင်းက မအောင်မြင်နိုင်သလို သူတို့လိုရာပန်းတိုင်ကိုလည်း မရောက်နိုင်ကြပါဘူး...

အဲ့ဒီလိုပြောလိုက်ရင် အောင်မြင်နေတဲ့သူတွေက သူတို့ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းမှုတစ်ချို့ကို ထုတ်နှုတ်ပြကြလိမ့်မယ်ထင်တယ်...

ဒါပေမယ့် ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်သူတွေ၊ ကိုယ့်အိပ်မက်တွေကို အရောက်သွားနိုင်သူတွေနဲ့ ကြိုးစားနေရဆဲ၊ ရုန်းကန်နေရဆဲသူတွေ... လက်တွေ့မှာ ဘယ်သူတွေက ပိုများလဲ?

ကြိုးစားကြသူတွေချင်းတူပေမယ့် မမြင်ရတဲ့ကံကြမ္မာချင်းက မတူကြဘူးလေ...
ကိုယ်လှော်ခတ်နေတဲ့ ရေမျက်နှာပြင်ကို မမြင်ရသော်ငြား လူတိုင်းက လှော်ခတ်နေကြရတာပါပဲ...

တချို့က ရေစုန်မှာ... တချို့က ရေသေမှာ... တချို့ကတော့ ရေဆန်မှာ...

ရေစုန် နဲ့ ရေသေမှာ လှော်ခတ်ရသူတွေအတွက် လိုရာပန်းတိုင်ကို ရောက်နိုင်ကြပေမယ့် ရေဆန်မှာ လှော်ခတ်ကြရသူတွေအတွက် ကြိုးစားမှုရလဒ်ကတော့ ရှိနေတဲ့နေရာကနေ နောက်ဆုတ်မသွားတာပါပဲ...

ဆက်လက်ဖတ်ရှုရန်...





















အရာရာနဲ့အကြောင်းကြောင်း ကျွန်ုပ်မကောင်းကြောင်း... 😅
ရုံးကအပြန် ကိုယ့်ညီမအိမ်ရောက်ပြီး စကားပြောနေရင်းမှ လက်ပတ်နာရီ မရှိမှန်းသိတယ်... အင်္ကျီက လက်စီးဆိုတော့ လက်ပတ်နာရီဝတ်တဲ့နားမှာ ကျပ်နေတာနဲ့ လက်ပတ်နာရီရှိမရှိ သတိမထားမိဘူး... (နာရီက သေးသေး ပေါ့ပေါ့လေးဆိုတော့ 😏 ) ကိုယ် အိမ်ထဲဝင်လာပြီး သွားတဲ့နေရာတွေကို ရှာကြည့်ပြီး မတွေ့တာနဲ့ ဘတ်စ်ပေါ်မှာကျခဲ့တယ်ထင်တယ်လို့ တွေးလိုက်တယ်... ဘတ်စ်ကားပေါ်က ဆင်းခါနီး ထိုင်ခုံကထအထွက် နှစ်လှမ်းလောက်လှမ်းအပြီးမှာ တခုခုပြုတ်ကျတာလိုလို တခုခုထိခိုက်မိတာလိုလို အသံတခု ကြားလိုက်လို့ လှည့်ကြည့်လိုက်သေးတယ်... နားမှာ နားကြပ်ကလည်း တပ်ထားတော့ အသံကို ရှင်းရှင်းလင်းလင်း သေချာမကြားလိုက်ဘူး... ကိုယ်ထိုင်တာကလည်း နောက်ဆုံးထောင့်ဆုံးခုံမှာ... လက်ထဲမှာ ကိုယ့်ညီမကြိုက်တယ်ဆိုလို့ ယူလာပေးတဲ့ မုန့်ဗူးနှစ်ဗူးကို shopping bag အသေးနဲ့ ထည့်ကိုင်ပြီး အဲ့ထဲ ဖုန်းလည်း ထည့်ထားတယ်... ကြည့်လိုက်တော့ ဖုန်းကရှိနေတာနဲ့ အော် ကျောပိုးအိတ်နဲ့ လက်ကိုင်သံတန်း ခိုက်မိတာပါလေဆိုပြီး ဆင်းလာလိုက်တာ... ပြန်တွေးတော့ အဲ့တုန်းက လက်ပတ်နာရီပြုတ်ကျသွားတာဖြစ်မယ်ဆိုပြီး internet ကနေ ဘတ်စ်ပေါ်မှာ ပစ္စည့်ပျောက်ရင် ဘယ်မှာမေးရတိုင်ရမလဲရှာ... ပြီးတော့ SBS Transit ရဲ့ lost & found မှာ report လုပ်လိုက်တယ်... (မှားပြီး SMRT မှာ report လုပ်နေသေးတယ်... bus No. ရှာမတွေ့မှ SBS ကို ပြန်ရှာရတယ်... အဲ့လို ကိုယ်စီးတဲ့မြင်း အထီးလားအမလား မသိတာ 😅 ) ကိုယ့်ညီမက နင်လက်ပတ်နာရီဝတ်လာလို့လားတဲ့... ဝတ်လာတာသေချာတယ်... ဒီမှာ လက်မှာလက်ပတ်နာရီအရာတောင် ရှိသေးတယ်ဆိုပြီး ပြလိုက်သေးတယ်... ပြီးမှ ကိုယ်နာရီကြည့်လိုက်သေးတာသတိရပြီး ကိုယ်ကြည့်လိုက်တဲ့အချိန်က ၈နာရီ မိနစ်၂၀ စွန်းစွန်းလို့ မှတ်မိလိုက်တယ်... (ကိုယ်က ဖုန်းနဲ့ အချိန်ကြည့်လေ့မရှိဘူး) အဲ့တော့ ကိုယ့်ညီမအိမ်နားမှာ အချိန်ကြည့်လိုက်တာထင်တယ်ဆိုပြီး အောက်ထပ်ပြန်ဆင်းရှာ... မတွေ့တော့ အပေါ်ပြန်တက်... ရှာပြီးသားနေရာတွေ အခေါက်ခေါက်အခါခါ ရှာတာ ဘယ်လောက်ကြာသွားလဲဆိုတော့ report လုပ်တဲ့အချိန်က ၉နာရီကျော်... ကိုယ့်ညီမအိမ်က ပြန်ဖို့ပြင်တော့ ၉နာရီ ၅၂မိနစ်... 😂 ကိုယ့်ညီမအိမ်ရောက်ပြီး လက်ဆေးလိုက်သေးတော့ သူနဲ့စကားပြောရင်း တစ်ရှူးနဲ့လက်သုတ်ပြီး ယောင်နနနဲ့ အမှိုက်ပုံးထဲများ ထည့်မိသေးလားဆိုပြီးအမှိုက်ပုံးထဲတောင် ရှာလိုက်သေးတယ်... ကိုယ့်ညီမကိုလည်း "နင်အမှိုက်ပစ်ရင်လည်း သေချာထပ်ကြည့်လိုက်ဦးနော်" လို့ 😅 ချစ်လှစွာသော ကိုယ့်ညီမက "နင် ဟိုအရင်ဘဝက သူများပစ္စည်းတွေ ခိုးခဲ့လို့ နေမှာပေါ့... အဲ့ဒါကြောင့် ပစ္စည်းတွေ ခဏခဏပျောက်တာ"တဲ့... 😏 ရှာနေရင်းနဲ့ "ကဲ ပျောက်လည်းပျောက်ပေါ့"ဆိုပြီး CK website မှာတောင် ကိုယ့်နာရီလေး ပြန်ရှာလိုက်သေးတယ်... တကယ်ပြန်မရတော့ဘူးဆိုရင် တပုံစံတည်း ပြန်ဝယ်မယ်ဆိုပြီး... ကိုယ့်ညီမက "ပျောက်သွားမှတော့ အသစ်ဝယ်ပေါ့ဟဲ့" "ဟေ့အေး... ဒီလက်ပတ်နာရီက ငါ့အကြိုက်ဆုံး... I fall in love it at first sight... ဒါပဲ ပြန်လိုချင်တာ"လို့... ရှင်းနေတဲ့အိမ်မှာ (ကိုယ်အိမ်ရောက်ပြီး သွားမိတဲ့နေရာကလည်း ၃၊၄ နေရာရယ်) ၄၅မိနစ်လောက် ရှာပြီးသကာလ လက်လျှော့ပြီး "နင်နဲ့ စကားပြောမလို့လာတာပါပဲ... ခုတော့ မပြောနိုင်တော့ဘူး... ပြန်တော့မယ်"ဆိုပြီး စိတ်လျှော့ပြန်လာခဲ့တယ်... ပြန်ဖို့ စီးရမယ့် ဘတ်စ်ကားမှတ်တိုင်ကိုမသွားဘဲ လာလမ်းအတိုင်း ပြန်လျှောက်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ကိုယ်ဆင်းခဲ့တဲ့ဘတ်စ်ကားမှတ်တိုင်ဆီ လျှောက်လာလိုက်တယ်... ၂မှတ်တိုင်ပဲစီးရတဲ့ ဘတ်စ်ကားပေါ်ရောက်တော့ instagram မှာ တင်ထားတဲ့ ကိုယ့်လက်ပတ်နာရီလေးကို ပြန်ရှာကြည့်တယ်... "ကဲ ပျောက်ချိန်တန်လို့ ပျောက်တာ... သွားတော့လည်းသွားပေါ့လေ"လို့ စိတ်လျှော့ပြီး ဘတ်စ်ပေါ်ကဆင်း ရထားစီးဖို့သွားနေရင်းမှ စိတ်ကမပြတ်တော့ နောက်ပြန်လှည့်... bus interchange ဆိုတော့ ရုံးအသေးလေးတွေရှိတာနဲ့ လျှောက်သွားပြီး ဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ ရပ်နေတဲ့သူကို "ဘတ်စ်ပေါ်မှာ ပစ္စည်းပျောက်ရင် lost & found online ကနေ report လုပ်ရုံပဲလား"လို့ မေးကြည့်တော့ ကောင်တာအထဲမှာ လူရှိတယ် အဲ့ဒီမှာမေးတဲ့... ကိုယ်လာတဲ့နေရာကနေဆိုတော့ အထဲက ကွယ်နေတာနဲ့ လူရှိတာ မတွေ့လိုက်ဘူးလေ... ဒါနဲ့ ကောင်တာမှာ မှန်အတွင်းနဲ့အပြင်ကို "ငါ သိပ်တော့ မသေချာဘူး... " အစချီပြီး ဘတ်စ်ကားပေါ်မှာ နာရီပျောက်သွားတယ်ထင်တယ်လို့ဆိုတော့ ဘယ်ကားပေါ်မှာလဲ? ဘယ်အချိန်လောက်ကလဲ? ဘာနာရီအမျိုးအစားလဲ? စတဲ့မေးခွန်းတွေ ​မေးတယ် ဘာအရောင်လဲဆိုတော့ ခုနက ကိုယ့်ကြည့်နေတဲ့ ကိုယ့်လက်ပတ်နာရီဓာတ်ပုံလေးကို ပြလိုက်တယ်... ပြီးတော့ လက်ကာပြတယ်... စာအုပ်တစ်အုပ်နဲ့ဘော်လ်ပန်ကို စားပွဲပေါ်တင်လိုက်တယ်... ပြီးတော့ ထ,သွားတယ်... နံရံက သော့သွားယူတာမြင်လိုက်တော့ ရင်ခုန်လိုက်တာဆိုတာ... 😁😁 ဆောင့်ကြောင့်ထိုင်ပြီး ဗီဒိုဖွင့်... ပြီးတော့ ပလပ်စတစ်နဲ့ ထည့်ထားတဲ့ ကိုယ့်လက်ပတ်နာရီလေးကို ပြလိုက်တော့ "yes yes" ဆိုပြီး ထတောင် ခုန်ချင်မိတယ်... လက်ပတ်နာရီပြန်ပေးပြီး ကိုယ့်နာမည်တွေ လိပ်စာတွေ ဖုန်းနံပါတ်တွေ မေးပြီးမှတ်တယ်... bus driver က တွေ့တာလားလို့ မေးတော့ ခေါင်းငြိမ့်ပြတယ်... ကျေးဇူးတင်ပါတယ် ဆိုပြီး ကိုယ့်လက်ပတ်နာရီကို လက်ထဲဆုပ်ပြီး ပြန်ထွက်လာပြီးမှ တခါပြန်လှည့်ပြီး bus driver ကို ပြောပေးပါလို့... ကျေးဇူးအရမ်းတင်ပါတယ်လို့... အထဲကနေ အဲ့ဒီလူကတော့ လက်မထောင်ပြလိုက်တယ်... ပျော်တာများဆိုတာ ကိုယ့်ညီမကို ဖုန်းခေါ်ပြီး "အီးးးး"နဲ့ ကျိတ်တောင် အော်မိတယ်... ဒူးတွေရော လက်တွေရော တုန်တယ်... 🤣🤣🤣 အပျော်လွန်တာ မနက်ဖြန်အတွက် စားဖို့ စာရင်းနဲ့ဈေးဝယ်ပါမယ်ဆိုတာ မေ့ပြီး အိမ်တန်းပြန်လာတယ်... 😏
btw, ရုပ်ရှင်တွေထဲမှာ စုံထောက်တို့၊ ရဲတို့က မျက်မြင်သက်သေတွေရဲ့ ​တွေ့တာမြင်တာတွေကို ပြောပြတာမူတည်ပြီး အမှုဖော်နိုင်ကြတယ်လေ... ကိုယ့်လိုလူမျိုးကို လာမေးရင်တော့ သူတို့တွေ ရွာလည်သွားမယ်ထင်တယ်... ဘာလို့ဆို ကိုယ်လက်ပတ်နာရီကြည့်လိုက်တာ အသေအချာ မှတ်မိတယ်... ကြည့်လိုက်တဲ့ အချိန်အတိအကျမှတ်မိတယ်... ဒါမယ့် ဘယ်နေရာမှာ လက်ပတ်နာရီကို ကြည့်လိုက်တာလဲဆိုတာကို တလွဲတွေထင်မြင်နေလို့လေ... 😆

Created By: k2tmaung (28 January 2021 Thursday 12:03am)

ဆက်လက်ဖတ်ရှုရန်...





















selfie photo 🤳
we post them on social media or let our friends see them because we think ourselves look good/nice or pretty/handsome or ... bla bla bla ...
that means we have some confidence to show off... & that confidence comes from self-love & thinking of ourself in positive ways... (my philosophy 😅)
'love urself' 😍🥰

အရင်တုန်းက ကိုယ့်အတွေးအခေါ်တွေက နည်းနည်းရှေးရိုးဆန်တယ် ခေါ်မလား... သူများတွေ selfie ပုံ တင်တဲ့အခါ သိပ်သဘောမကျဘူး... ၂၀၁၄/၂၀၁၅ လောက်မှာ ကိုယ်လည်း selfie ပုံ ရိုက်ဖြစ်လာတယ်/FB တို့ ဘာတို့မှာ တင်ဖြစ်တယ်... (အဲ့ဒီမတိုင်ခင်တုန်းကတော့ selfie တခါတလေ ရိုက်ပေမယ့် ပုံတွေတင်လေ့မရှိဘူး) နောက်ပြီး အဲ့ဒီလို ပုံတင်ရတာကိုလည်း enjoy ဖြစ်လာတယ်... သူငယ်ချင်းတွေက ကောမန့်တို့၊ လိုက်ခ်တို့ ပေးရင်လည်း သဘောကျတတ်လာတယ်... အဲ့တော့ အရင်တုန်းက selfie ရိုက်ပြီး ပုံတင်တာကို သဘောမကျတဲ့ ကိုယ့်ကိုယ်ကိုယ် နဲ့ selfie ရိုက်ပြီး ပုံတင်တတ်လာတဲ့ ကိုယ့်ကိုယ်ကိုယ်ကို ယှဥ်ကြည့်ဖြစ်မိတယ်... တွေးလည်းတွေးဖြစ်မိလာတယ်... အခုနောက်ပိုင်းနှစ်တွေမှာတော့ ကိုယ်က selfie ပုံတွေ ရိုက်ပေမယ့် FB မှာ သိပ်မတင်ဖြစ်ဘူး... ဘာလို့ဆို ကိုယ့်အကောင့်ထဲမှာ မိဘဆွေမျိုးဆရာသမားတွေရှိတဲ့အတွက် generation gap ပေါ့နော်... အမြင်မတူတာလေးတွေ၊ အမြင်မတော်တာလေးတွေ ဖြစ်မှာစိုးလို့ သိပ်မတင်ဖြစ်တာပါ... (လူကြီးတွေမရှိတဲ့ ကိုယ့်ရဲ့ instagram မှာပဲ တင်တယ် 😅 ) တခြားသူတွေက ဘာမှမပြောပေမယ့် (ကိုယ်တောင် သူများပုံတွေမကြိုက်သေးတာ ကိုယ့်ပုံလည်း မကြိုက်တာရှိမှာပေါ့ 😁) ကိုယ့်မိဘကတော့ တခါတလေ ကိုယ်တင်တာတွေကို သဘောမကျတဲ့အခါ ဝေဖန်အပြစ်ပြောတာမျိုး မဟုတ်ပေမယ့် 'ဘာတွေတင်မှန်းလဲ မသိဘူး'ဆိုတာမျိုးလေး ပြောတတ်တယ်... အဲ့ဒီအခါ ဘာလို့ပြောတာလဲလို့ တွေးမိသလို ကိုယ်က လူကြီးဆိုတော့ကာ ကိုယ့်မိဘတွေကို (အထူးသဖြင့် ကိုယ့်အမေကိုပေါ့) ကိုယ့်အတွေးအမြင်တွေကို လက်ချာပြန်ရိုက်ရတယ်... 😆

ဆက်လက်ဖတ်ရှုရန်...













ရှိသမျှ အလင်းနဲ့
အမှောင်ထုကိုခွင်း
မနက်ခင်းကို
တံခါးဖွင့်ခဲ့တယ်
ငှက်ကလေးတွေ တေးဆို
မင်းကို ကြိုဆိုကြလိမ့်မယ်...

မွန်းတည့်... တဲ့
မင်း အကဲ့ရဲ့ခံရဆုံးချိန်
ဒါပေမယ့်
အစွမ်းနိုင်ဆုံး
မင်း လင်းခဲ့တာပါပဲ
မင်းရဲ့ခွန်အား
အပူလှိုင်းကြား
မင်းရဲ့အပြုံးကို
ငါတို့အမုန်းနဲ့
တုံ့ပြန်ခဲ့ဖူးတယ်...

အလင်းတွေ မှိန်ဖျော့
အားလျော့တဲ့ ညနေ
အချိန်တန်လို့
မင်းပြန်ရချိန်တောင်
အမှောင်ရဲ့နောက်
မရောက်မချင်း
ခပ်တင်းတင်း ဇွဲနဲ့
မင်းရဲ့ဇာတ်သိမ်းက
ငါတို့ကို မိန်းမောစေတယ်...

တနေ... ဝင်ခဲ့ပြီ
ငါတို့ရဲ့တနေ့တာ
မင်းလိုမှ လှပခဲ့ရဲ့လား...။ ။


ဆက်လက်ဖတ်ရှုရန်...











လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...

တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှားတွေ မဟုတ်ခဲ့...
အမှားတွေကသာ ငါ့ကို ခလုတ်တိုက်ခဲ့တာ...

ကဲ ပြော...
ငါ အပြစ်ဖြစ်လောက်တဲ့ အစစ်အမှန်တရား...
ငါ ဘာများ မှားယွင်းခဲ့သလဲ...
ဒါပေမယ့်
ငါ ထွင်းခဲ့တဲ့လမ်းက...
အမြဲ ကြမ်းတမ်းခဲ့တယ်...

ပေးခဲ့ရတဲ့ ချွေး...
နှင်းခဲ့ရတဲ့ ချစ်ခြင်း...
ခွာခဲ့ရတဲ့ မေတ္တာ...
တကယ်ဆို
ပေးဆပ်ရခြင်းတွေနဲ့သာ...
ငါ့ဘဝက ခြောက်ကပ်ခဲ့ရ...

ကဲ ပြော...
မှင်နီသားစရာ ငါ့စာမျက်နှာ...
မာတိကာမရှိတဲ့ စာတစ်အုပ်...
ဖတ်ဖို့ စိတ်ရှုပ်မှာ ငါဘာများ တတ်နိုင်မှာလဲ...
ဒါပေမယ့်
အသပ်ရပ်ဆုံး ရေးခဲ့တဲ့ ငါ့လက်ရေး...
မွေးရာပါတော့ မလှပခဲ့ရိုးအမှန်...

ငါ
ရိုးသားခဲ့တယ်...
ကြိုးစားခဲ့တယ်...
အရှေ့ကိုပဲ ဆက်လျှောက်ခဲ့တယ်...

တခါတလေတော့...
ငါ့ကိုယ်ငါ တိမ်မဖုံး...
အရိပ်မဆုံးဘဲ...
(အားလုံးနဲ့)ပြေလည်နိုင်ဖို့ ရုန်းကန်ရတာ...
ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်...
မှန်ကန်ဖို့ကို ရွေးချယ်ရင်း...
နင်းခဲ့ရတဲ့ ငါ့ဆန္ဒတွေ...
မမြင်ခဲ့လေသလား...
အမြင်မကြည်ခဲ့လေသလား...
အထပ်ထပ်နင်းတော့...
အစင်းရာတွေ ပိုထင်းခဲ့ရပေါ့...

နောက်ပြန်မလှည့်ပါဘူး...
တည့်တည့် နဲ့ မှန်မှန်...
ငါ တစ်ယာက်တည်း...
လမ်း ဆက်လျှောက်ချင်တယ်...


ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..