စာမရေးတာကြာလို့ တွေးမိတွေးရာ စာစုတစ်ခုအနေဖြင့်သာ ရေးပါသည်...။
အချစ်တစ်ခုလို့တော့ အမည်မတပ်ချင်ပါဘူး... အမည်လည်း မတပ်လိုပါဘူး... စိတ်ကစားမှုတစ်ခုလို့လည်း ပေါ့ပေါ့တိမ်တိမ် မသတ်မှတ်ချင်ပြန်ဘူး... ဘာလို့ဆို နက်နဲတဲ့ ခံစားမှု တစ်ခုတော့ ဖြစ်ခဲ့ဖူးလို့ပါပဲ...
ငယ်ငယ်ကတည်းက အတန်းထဲမှာ ရန်ဖြစ်ပြီလားဆိုရင် ယောက်ျားလေးတွေနဲ့မှလို့ နာမည်ထွက်ခဲ့တဲ့ ကျမ... ယောက်ျားလေးတွေကို တော်တော်လေး အမြင်ကပ်ခဲ့ဖူးပါတယ်... ယောက်ျားတွေနဲ့ပတ်သက်ပြီးလည်း မာနကြီးတယ်လို့ သတင်းလွေလွေရှိခဲ့ဖူးတယ်... အထက်တန်းကျောင်းပြီးတဲ့အထိလည်း ယောက်ျားလေးသူငယ်ချင်းရယ်လို့ ဟုတ်တိပတ်တိမရှိခဲ့ဖူးဘဲ ယောက်ျားလေးဆို ဘုကန့်လန့်ပြောပြီး ဘုကြည့်ကြည့်ဖို့ပဲ စိတ်ကူးခဲ့တဲ့ထဲမှာ ကျမလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်...
သို့သော်... သူက ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် ချွင်းချက်တော့ ဖြစ်ခဲ့တယ်... ကျမတို့ချင်း မရင်းနှီးပါဘူး... စကားသေချာ မပြောခဲ့ဖူးပါဘူး... ဒါပေမယ့် ကျမဘာသာကျမ သတ်မှတ်ထားတဲ့ အမှတ်တရများစွာတော့ ရှိခဲ့ဖူးပါတယ်...
ကျမ သူ့ကို အတန်းထဲမှာ မကြာမကြာ ခိုးငေးဖူးတယ်... ခိုးကြည့်ဖူးတယ်... သူ့အကြောင်းတွေဆို နားစွင့်ခဲ့ဖူးတယ်... ဒါပေမယ့် ကျမ သူ့ကို မပိုင်ဆိုင်ချင်ခဲ့ဘူး... ကျမ ခံစားချက်တွေကို အတည်မဖြစ်စေချင်ခဲ့ဖူးဘူး... ဒီအတိုင်းလေးပဲ ခံစားမှု တစ်ခုအနေနဲ့ ရှိနေစေချင်ခဲ့တယ်... သူလည်း သိကောင်းသိနိုင်သလို သိချင်မှလည်း သိလိမ့်မယ်... သူလည်း ကျမလို ခံစားချက်မျိုးရှိကောင်းရှိမယ်... ရှိချင်မှလည်း ရှိလိမ့်မယ်... သေချာတာက ကျောင်းတစ်ကျောင်းရဲ့ အတော်ဆုံးကျောင်းသားကျောင်းသူများသာနေတဲ့ အတန်းမှာ သို့မဟုတ် မာနတွေ တစ်မျိုးမဟုတ်တစ်မျိုး ခေါင်ခိုက်နေတဲ့ အတန်းမှာ ဘယ်ကျောင်းသားကျောင်းသူကမှ ခံစားချက်တွေကို ရှေ့တန်းမတင်တတ်ကြသလို အထက်တန်းကျောင်းသားကျောင်းသူဆိုတဲ့ အရွယ်တွေကို မသိစိတ်တွေက စိုးမိုးထားလို့လည်း ဖြစ်ကောင်းဖြစ်မှာပါ...
သူ့မိဘနဲ့ ကျမမိဘတွေ သိကျွမ်းကြတာက ကျမ သူ့ကို စိတ်ဝင်စားမှုတွေ ဖြစ်စေခဲ့တဲ့ အကြောင်းရင်းအစ ထင်ပါရဲ့... ဒါကတော့ လိုရာဆွဲတွေးတာလည်း ဖြစ်နိုင်ပါတယ်... မိဘတွေချင်း သိကြ ရင်းနှီးကြတဲ့ ကျမတို့အတန်းထဲက ယောက်ျားလေးတော်တော်များများရှိခဲ့ဖူးပေမယ့် ကျမ သတိတရရှိမနေခဲ့ဖူးဘူး... ဥပမာ... ကျမမိခင်နဲ့ အရမ်းရင်းနှီးတဲ့ အန်တီတစ်ယောက် ကျမကို တွေ့တိုင်း ချွေးမတော်ချင်တယ်လို့ ကျမမိခင်ကို အမြဲပြောလေ့ရှိတဲ့ အဲ့ဒီအန်တီရဲ့သားကလည်း ကျမတို့နဲ့ တစ်တန်းတည်းပါပဲ... ဒါပေမယ့် အဲ့ဒီကောင်လေးကိုကျ တော်တော်နဲ့ကို မသိခဲ့သလို နည်းနည်းမှလည်း စိတ်ဝင်စားလို့ မရခဲ့ပါလား... ထူးတော့ထူးဆန်းသားလား...
အတန်းထဲမှာ "သူ" ရှိမှန်း ကျမတို့ စာသင်နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ရောက်တဲ့အထိ ကျမ သတိမထားခဲ့မိဘူး... မိဘချင်းရင်းနှီးရာကနေ ကျမမိခင်ဆီက သူ့နာမည်ကို ပထမဆုံး ကြားခဲ့ဖူးတယ်... နောက်တော့ သူ့ကို သတိထားမိသွားတယ်... သူလည်း ကျမလိုပဲ သူ့မိခင်ကတစ်ဆင့် ကျမအကြောင်းတွေ ကြားရဖူးမယ်ထင်ပါတယ်... အဲ့ဒီကစလို့ပေါ့... သူနဲ့ ကျမ တစ်ယောက်ကိုတစ်ယောက် မျက်မှန်းတန်းမိသွားတယ်...သူက သားသုံးယောက်မှာ အကြီးဆုံး... နေ့လည် မုန့်စားဆင်းချိန်ဆို သူ့ညီလေးက အတန်းထဲကို အမြဲလိုလို လာတတ်တယ်... တစ်ခါတစ်လေ သူ့ညီလေးကို ပခုံးဖက်ပြီး အတန်းထဲက ထွက်သွားတတ်သလို တစ်ခါတစ်လေလည်း အတန်းထဲမှာ စကားတွေ ပြောနေတတ်တယ်... ကျမလည်း မသိမသာ စပ်စုမိသလို ကျမမောင်လေး အတန်းထဲလာရင်လည်း သူက မသိမသာ စပ်စုတတ်တယ်...
နောက် ကျမ သူ့ကို ပိုပြီး သတိထားမိသွားတာက... ကျမတို့အထက်တန်းကျောင်းနဲ့ မလှမ်းမကမ်းမှာ အလယ်တန်းကျောင်းတစ်ကျောင်းရှိခဲ့တယ်... ကျမငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းဖြစ်သလို အဲ့ဒီကျောင်းရှေ့က အရိပ်ကောင်းကောင်းရတဲ့ စွယ်တော်ပင်ကြီးကလည်း ကျမနဲ့ အကျွမ်းတဝင်ရှိလှတယ်... ကျမတို့ ကျောင်းဆင်းချိန်ဆို အမြဲလိုလို သူ့ကို အဲ့ဒီသစ်ပင်ကြီးအောက်မှာ တွေ့ရတာတတ်တယ်... ကျမတို့တွေက အိမ်ပြန်ရင်ပဲဖြစ်ဖြစ် ကျူရှင်သွားရင်ပဲဖြစ်ဖြစ် အဲ့ဒီအလယ်တန်းကျောင်းနဲ့ အဲ့ဒီသစ်ပင်ကြီးကြားကနေဖြတ်ပြီး အမြဲသွားရတယ်... အမြဲမြင်တွေ့နေရတာဆိုတော့ ပိုပြီး သတိထားမိသွားတယ်... နောက်မှ ကျမတို့ အုပ်စုထဲက သူငယ်ချင်းတစ်ယောက်က သူ့ကို လှမ်းနှုတ်ဆက်မေးမြန်းစပ်စုကြည့်မှ သူ့ညီအငယ်ဆုံးလေးကို လာစောင့်နေတယ်ဆိုတာ သိလိုက်ရတယ်...
သူက အဖြူရောင် ရှပ်အင်္ကျီနဲ့ ကျောင်းစိမ်းပုဆိုးနဲ့ တော်တော်လေး လိုက်ဖက်တယ်... ကျမမြင်ဖူးသမျှ ကျောင်းသားတိုင်း သူ့လောက် သပ်ရပ်မှုမျိုး မရှိခဲ့ဖူးလို့ ထင်ပါတယ်... အဲ့ဒါကတော့ ကျမ သတိထားမိရခြင်း နောက်ထပ်အကြောင်းအရာတစ်ခု ဖြစ်မယ်ထင်ပါရဲ့... ကျမမှတ်ဉာဏ်က ရယ်တော့ရယ်ရတယ်... သူ့ဆီမှာ မဲနယ်ဆိုးတာများသွားလို့ထင်ပါရဲ့... ဖြူဖြူဖွေးဖွေးမဟုတ်ဘဲ ပြာတာတာ ရှပ်အင်္ကျီလေးတစ်ထည်ရှိတာ မှတ်မိသေးတယ်... ကချင်လွယ်အိတ်လို့ခေါ်မလားမသိတဲ့ မဲတဲတဲအိတ်လေးတစ်လုံး အမြဲလွယ်တယ်... ကျမတို့ မိန်းကလေးတွေလို ရှိရှိသမျှ ဖတ်စာအုပ် ကျူရှင်စာအုပ်တွေ တနင့်တပိုးသယ်ကြတာမဟုတ်လို့လားမသိ အရပ်သိပ်မရှည်လှပေမယ့် အသားဖြူဖြူ ကျောင်းသားတစ်ယောက် အဖြူအစိမ်းဝတ်စုံနဲ့ သားရေဖိနပ်မဲမဲလေးရယ် ကချင်လွယ်အိတ်မဲမဲလေးရယ်နဲ့ သပ်သပ်ရပ်ရပ်ရှိလှတဲ့ သူ့ကို အဲ့ဒီအချိန်တုန်းကတော့ တော်တော်ကြည့်ကောင်းခဲ့တယ်လို့ ထင်ခဲ့တယ်...
အင်း... ဘယ်လိုစိတ်ဝင်စားသွားလဲ ကျမကိုယ်တိုင်လည်း မမှတ်မိတော့ပါဘူး... သေချာတာကတော့ အထက်တန်းကျောင်းသူဘဝ နိဂုံးမချုပ်ခင် တစ်နှစ်အလိုမှာတော့ ကျမတို့တစ်တွေ အထူးသဖြင့် ဆရာဆရာမတွေရဲ့ အချစ်တော်တွေ နေတဲ့အခန်းက တော်တော်လေးကို ဗရုတ်ကျခဲ့ကြတယ်... နောက်နှစ်ဆို အထက်တန်းကျောင်းသားတွေအတွက် အရေးကြီးတဲ့အချိန်ရောက်လာတော့မှာမို့ ဆရာဆရာမတွေကလည်း လွတ်လပ်ခွင့်တွေ ပေးကြတယ်... ကျမတို့ကျောင်းသားကျောင်းသူတိုင်းကလည်း အခွင့်အရေးကို မပြတ်မကွက်ယူပြီး အတန်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့ကြတာပါရောလား... ဘယ်လောက်ဆိုးလဲဆို သဘောကောင်းတဲ့ ဆရာဆရာမတွေအချိန်ဆို တစ်တန်းလုံး တက်တက်ကြွကြွနဲ့ တိုင်ပင်စရာမလိုဘဲ အခန်းထဲကနေ တံခါးချက်တွေပိတ်ပြီး သီချင်းဆိုကြ... စော့ကြ... စကားပြောကြနဲ့ ကျောင်းဆင်းချိန်ဆို အသံများတောင် ဝင်ပါရဲ့... ဆရာဆရာမတွေ အတန်းထဲမှာ စာသင်ပြီဆိုရင်လည်း စာမသင်ဖို့ ဝိုင်းအော်ဆူပူတတ်ကြတာက ခဏခဏဆိုတော့ စာသင်ချိန်တစ်ဝက်လောက်ဆို ဆရာဆရာမတွေက စာသင်တာကို ရပ်ပေးကြပြန်ရော... ပြန်တွေးရင် အဲ့ဒီအချိန်တွေတုန်းက တစ်တန်းလုံး အုန်းအုန်းကြွက်ကြွက်ကိုဖြစ်နေကြတာ... တစ်ခါတစ်လေ မေးကြည့်ဖြေကြည့် ပဟေဠိကို မိန်းကလေးတစ်ဖက်ယောက်ျားလေးတစ်ဖက် ကစားခဲ့ကြဖူးတယ်... အဲ့ဒီလွတ်လပ်မှုတွေက စာအုပ်တွေကြား မွန်းကျပ်မှုတွေကနေ ပြင်ပစိတ်ဝင်စားစရာတွေကို ပိုပြီးဖြစ်စေခဲ့တယ်ထင်ပါရဲ့...
သူက နဂိုကတည်းက စာတော်လား... ဆုတွေရလား ကျမ မသိခဲ့ဘူး... ကျမ သတိထားမိတဲ့နောက်မှာတော့ သူက စာတော်တယ်... စာစီစာကုံးပြိုင်ပွဲတို့ ကျပန်းပြိုင်ပွဲတို့ ပဟေဠိပြိုင်ပွဲတွေမှာ ကျောင်းကိုယ်စားပြုအနေနဲ့ အမြဲလိုလို ဝင်ပြိုင်တတ်တယ်... ဆုတွေလည်း ရတတ်တယ်... မှတ်မှတ်ရရ ကျပန်းပြိုင်ပွဲတစ်ခုအတွက် သူနဲကျမတို့အတန်းထဲက နောက်ကောင်လေးတစ်ယောက်ရယ်၊ ကျမတို့နှစ်ပေမယ့် အခန်းမတူတဲ့အတန်းက ကောင်မလေးတစ်ယောက်ရယ် ဝင်ပြိုင်ကြတယ်... ကျမတို့တွေ ကိုယ့်ကျောင်းကိုယ့်အတန်းသားအချင်းချင်းအဖြစ် သူတို့ကို အရမ်းအားပေးခဲ့ကြတယ်... ပြိုင်ပွဲနီးလာတော့ အတန်းထဲမှာ ရီဟာဆယ်အနေနဲ့ အစမ်းပြောခိုင်းခဲ့တယ်... အဲ့ဒီနေ့မှာမှ ကျမသိလိုက်တာက သူ သီချင်းဆို,တာ တော်တော်ကောင်းတယ်ဆိုတာပါပဲ.. ပုံမှန်အားဖြင့် စကားပြောရင် သူ့အသံက နည်းနည်း ပြာရှပ်ရှပ်ဖြစ်နေတတ်တယ်... နောက်ဆုံးတန်းရဲ့ ရှေ့တစ်တန်းမှာ ထိုင်တဲ့ ကျမတို့ခုံတန်းနောက်မှာ အမြဲလာလာထိုင်ပြီး သီချင်းတွေ ဆိုနေတတ်ပေမယ့် အဲ့လောက် သီချင်းဆို,တတ်မှန်း ကျမ သတိမထားမိခဲ့ဖူးဘူး... နောက်ထပ်အကြောင်းအရာတစ်ခုအဖြစ် ကျမ ပိုစိတ်ဝင်စားသွားခဲ့တယ်ထင်ပါရဲ့... အဲ့ဒီမြို့နယ်အဆင့် ကျပန်းပြိုင်ပွဲက ကျမတို့ ကျောင်းမှာ လုပ်တာမဟုတ်ဘဲ တစ်ခြားကျောင်းမှာ လုပ်တာမို့ ကျမတို့တွေ သူများကျောင်းမှာ သွားအားပေးခဲ့ရတယ်... ပြိုင်ပွဲမှာ သတ်မှတ်ချိန်ထက် ပိုပြီး တော်တော်ကြာကြာ ပြောသွားလို့ သူ ဆုမရခဲ့ဘူး... ကျမတို့ကျောင်းက ကျမတို့အတန်းထဲက ကောင်လေးက ပထမရပြီး ကျမကျောင်းက ဝင်ပြိုင်တဲ့ ကောင်မလေးကတော့ တတိယရသွားခဲ့တယ်... ဆုကြေငြာတော့ ကျမနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ သူ့မျက်နှာရိပ်မျက်နှာကဲအမူအရာအားလုံးကို တွေ့နေရတယ်... အကြီးအကျယ် စိတ်ပျက်သွားတဲ့ သူ့အမူအရာ ဒါပေမယ့် ခဏလေးပါပဲ ကျမ သေသေချာချာ တွေ့လိုက်ရတယ်... နောက်တော့ ကျမလည်း အပြည့်အဝမပျော်ရွှင်ဘဲ ကျောင်းကို ပြန်လာခဲ့တယ်... နောက်နေ့ အတန်းထဲရောက်တော့ ကျတို့ကို စာသင်တဲ့ ဆရာလည်းဖြစ်၊ ဒိုင်ထဲမှာပါ,တဲ့ ဆရာတစ်ယောက်ကတော့ သတ်မှတ်ချိန်ထက် အချိန်အရမ်းကျော်ပြီး ပြောသွားခဲ့လို့ ဆုမရတာလို့ အားပေးစကားပြောရင်း ကျပန်းပြိုင်ပွဲမှာ ပြိုင်ကြသူတွေရဲ့ အားနည်းချက် အားသာချက်တွေကို ပြန်ပြောတော့ သူက ပြုံးနေခဲ့တယ်... ဒါပေမယ့် ကျောင်းကိုယ်စားပြုပြိုင်တဲ့ စာစီစာကုံးပြိုင်ပွဲတွေမှာတော့ သူ အကြိမ်ကြိမ် ဆုသွားယူတာ သတိထားမိတယ်... တီဗီမှာပြတဲ့ ပျင်းစရာကောင်းလှတဲ့ ပဟေဠိ ပြိုင်ပွဲတွေကိုလည်း တစ်ယောက်တည်း ထိုင်အားပေးနေတတ်ခဲ့ဖူးတယ်...
နောက် ကျမတို့ အဲ့ဒီနှစ်မှာပဲ ကျမတို့အတန်းက "ပြည်"သွားကြတယ်... ညအိပ်ခရီးမို့ တစ်တန်းလုံးနီးပါး သွားကြတာပေမယ့် အိမ်ကမလွှတ်လို့ မလိုက်ခဲ့ရဘူး... နောက်တစ်ကြိမ် ကျမတို့အတန်းကပဲ "ပဲခူး"သွားကြပြန်တယ်... အမြဲတမ်း မိဘကို မလွန်ဆန်နိုင်ခဲ့တဲ့ကျမ ကြောက်ကြောက်နဲ့ မိဘတွေကို သွားပူဆာခဲ့တယ်... လွယ်လွယ်ကူကူတော့ မဟုတ်ပေမယ့် အဲ့ဒီနှစ်က "ပဲခူး"ကို လိုက်ဖြစ်သွားခဲ့တယ်... ကျောင်းကနေ သွားကြတဲ့ အဲ့လိုခရီးစဉ်မျိုး တစ်ခါမှမလိုက်ခဲ့ဖူးတော့ အတန်းထဲမှာ နာမည်ကို ကြီးလို့ပေါ့... ဆရာဆရာမတွေကအစ လိုက်မယ်ဆိုတော့ အံ့တွေဩလို့... သူငယ်ချင်းတွေကလည်း ပျော်လို့... ဒါပေမယ့် အဲ့ဒီလိုလိုက်ဖြစ်ရဖို့ အကြောင်းအရင်းကိုတော့ ကျမကလွဲလို့ ဘယ်သူက အတိအကျ အသေအချာ သိနိုင်မှာလဲလေ...
ကျမက အထက်တန်းကျောင်းသူပီပီ တစ်ခြားမိန်းကလေးတွေလို လှလှပပမနေတတ်ခဲ့ဖူးဘူး... မဝတ်တတ်ခဲ့ဖူးဘူး... ပါးကွက်ကြားကြီးနဲ့ ကျောင်းမတက်ရဘူးဆိုတဲ့ ကြေငြာချက်မရှိခင်အထိ ကျမက ပါးကွက်ကြားကြီးနဲ့ ကျောင်းတက်ခဲ့တာ... ကျောလယ်ကျော်ကျော်ထိရှည်တဲ့ ဆံပင်ကို ဆံပင်အဖျားတွေ ကြမ်းလာပြီဆို ကိုယ့်ဘာသာ ရှေ့ဆွဲ ဆံပင်ညှပ်တတ်သူ... သူများတွေလို မြန်မာဝတ်စုံကို လှလှပပ မဝတ်တတ်ခဲ့ဖူးဘူး... အမေက ချုပ်ပေးတဲ့ ခါးပွပွမြန်မာဝတ်စုံတွေကို ဝါးချမ်းပြား အဝတ်ပတ်ပေးထားတဲ့ ပုံမျိုးနဲ့ ကျောင်းတက်ခဲ့တာ... ကျောင်းက,ပွဲတစ်ခုမှာ အထင်ကရအဖြစ် ပါ,ခဲ့ဖူးတာရယ် ကျောင်းကိုယ်စားပြု ပန်းပွါးအဖွဲ့ထဲပါ,တာရယ် ဆတ်ဆတ်ထိမခံဆိုတဲ့နာမည်ဆိုးလေးနဲ့ ကျော်တာရယ်ကလွဲရင် ကျောင်းက နာမည်ကြီးတဲ့ မိန်းကလေးတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲလေ.......
အဲ့ဒီနေ့က စုံညီပွဲတော်နေ့... မှတ်မှတ်ရရ ကျမတို့နှစ်မှာ ပထမဆုံး စ,ရှိလာတဲ့ ပွဲ... တိုက်ဆိုင်တာက ကျမမွေးနေ့နဲ့ တစ်ထပ်တည်းကျ,ခဲ့တယ်... အပြင်ဝတ်စုံတွေနဲ့ လှလှပပနဲ့ဆိုတော့ အားလုံးက အထူးအဆန်းတွေလိုလိုပေါ့... အဓိကက ကျောင်းတွင်း ပန်းချီလို့ပဲခေါ်မလား... အဲ့ဒီမှာ ကျမရဲ့ bio ဆရာမက ဆွဲခိုင်းလို့ ကျောင်းဖတ်စာထဲက ပုံတစ်ပုံကို စကေးကိုက်နဲ့ ပုံကြီးချဲ့ပြီး ဆွဲထားတဲ့ ကျမရဲ့ပုံကို သွားကြည့်ခဲ့တာ... ဘာတွေမှန်းမသိ ကြိတ်ကြိတ်တိုးနေတဲ့ ကျောင်းမှာ မျှော်လင့်မိသလိုပါပဲ မပြန်ခင်လေး သူနဲ့ တွေ့ဖြစ်အောင်တွေ့လိုက်သေးတယ်... အမှတ်မထင် လှေခါးအတက်အဆင်းမှာ သူဘယ်ရွှေ့ကိုယ်ဘယ်ရွှေ့ သူညာရွှေ့ကိုယ်ညာရွှေ့နဲ့ ထုတ်ဆီးတိုးသလို တိုးမိခဲ့သေးတယ်...
ကျောင်းတွေကို အရင်လိုပဲ ဟေးလားဝါးလားနဲ့ ပြန်တက်ခဲ့ကြတဲ့ တစ်နေ့မှာ... သူငယ်ချင်းတစ်ယောက်ဆီက အမှတ်မထင် သတင်းလေးတစ်ခု ကြားလိုက်မိတယ်... ဘာတဲ့... စုံညီပွဲတော်မှာပဲ သူက ကျမတို့ထက် တစ်တန်းငယ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားသွားတယ်ဆိုလား... နောက်တော့ "ပန်းသီး"လို့ သူ့သူငယ်ချင်းတွေ ဘာကြောင့်မှန်းမသိ နာမည်ပြောင်ခေါ်ကြတဲ့ သူ့ကို "ကလေး"လို့ နောက်ပြောင်ကြတာ ကြားလိုက်ရတယ်... စိတ်ပျက်သွားတာလား... စိတ်ကုန်သွားတာလား... မပြောတတ်ဘူး... ကျမ သူ့ကို အရင်လောက် စိတ်မဝင်စားမိအောင် ကြိုးစားဖြစ်ခဲ့တယ်... ဘာကိုလည်းမသိ မကျေမနပ်နဲ့ နာကျင်ခဲ့မိသေးတယ်... စာမေးပွဲကြီးတွေပြီးတော့ နွေရာသီကျောင်းပိတ်ရက်ကို ရောက်လာခဲ့တယ်... အဲ့ဒီနှစ်မှာ ကျမတို့ မိသားစု ပင်လယ်ဘက်ကို ခရီးထွက်ခဲ့ကြတယ်... သူ့အကြောင်းတွေ ပါ,တဲ့ ဒိုင်ယာရီလေးရယ်... သူမသိပေမယ့် ပေးဖြစ်မှာလည်းမဟုတ်တဲ့ သူ့မွေးနေ့အတွက်ဆိုပြီး ဝယ်ထားမိတဲ့ ပစ္စ္စည်းးလေးတစ်ခုရယ်... သူနဲ့သက်ဆိုင်တာတွေအားလုံးရယ်... ညမှောင်မှောင်မှာ တစ်ယောက်တည်း ကျမတို့နေတဲ့ ဘန်ဂလိုရှေ့နားလေးမှာ တွင်းလေးတူးပြီး အားလုံးမြေမြှုပ်ပစ်ခဲ့တယ်... အဲ့ဒီညက ကြယ်ကြွေတာကို ပထမဆုံး တွေ့ခဲ့လိုက်ရတယ်...
ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းစ,တက်ရတဲ့ အဲ့ဒီမိုးဖွဲဖွဲနေ့မှာ....... သူက ကြည့်နေတာလား... အမှတ်တမဲ့ပဲလားတော့ မသိ... အကြည့်ချင်းဆုံတော့... ကျမ သူ့ကို ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ လူတစ်ယောက်လို ကြည့်ပြီး အကြည့်လွှဲပြီး ကျောခိုင်းပစ်ခဲ့ဖူးတယ်... နောက်တော့ အတတ်နိုင်ဆုံး သူ့ကို စိတ်မဝင်စားမိအောင်လည်း ကြိုးစားခဲ့တယ်... အထက်တန်းကျောင်းရဲ့ နောက်ဆုံးကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းတက်ရက်တော့ တော်တော်နည်းခဲ့တယ်... ဒါပေမယ့် ကျမ ကျောင်းတက်ရက်တိုင်း တိုက်ဆိုင်စွာ သူလည်း ကျောင်းမှာ အမြဲရှိနေခဲ့တယ်... တစ်ခါတစ်လေတော့ စိတ်လွတ်ပြီး အရင်လို သူ့ကို ပြန်ငေးကြည့်ဖူးတယ်... ဒီနှစ်က နောက်ဆုံးဆိုတဲ့ အသိကြောင့်ထင်ပါရဲ့... တစ်ခါတစ်လေ ထောင့်စွန်းမှာ ထိုင်တဲ့ ကျမသူငယ်ချင်းမလာရင် ကျမက ထောင့်အစွန်မှာ အမြဲထိုင်ဖြစ်တယ်... အဲ့ဒီအခါတွေကျရင် ကျမစိတ်ထင်ပဲလားတော့မသိ သူက တစ်ဖက်ခုံတန်းထောင့်မှာ သူ့နေရာမဟုတ်ဘဲ လာလာထိုင်တတ်တယ်...
ကျမတို့ရဲ့အတန်းပိုင်က ကျမအဖေကို သိပ်ချစ်တဲ့ ဆရာမဖြစ်သလို သူ့အဖေကိုလည်း ကောင်းကောင်းသိနေပြန်တော့... ကျောင်းပျက်ရက်များတဲ့ ကျမတို့ကျောင်းသားတွေကို ဆူရင် သူနဲ့ကျမ နာမည်တပ်ပြီး အဆူခံရတာ အများဆုံးလည်း ဖြစ်တတ်တော့ တစ်ခါတစ်လေ မရည်ရွယ်ပါဘဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရယ်ပြတာမျိုး ကြည့်ဖြစ်ကြတာမျိုးတွေ ရှိကြပြန်တယ်...
နောက်ဆုံးလို့ ကျမတွေးခဲ့မိလို့ထင်ပါရဲ့... ကျမ မိဘတွေကို အရွဲ့တိုက်ပြီး စာမလုပ်ခဲ့တဲ့ အဲ့ဒီနှစ်မှာ သူငယ်ချင်းတွေ ဂုဏ်ထူးတွေ တသီကြီးထွက်ပေမယ့် ကျမ ဂုဏ်ထူးတစ်ဘာသာပဲ ထွက်ခဲ့တော့... ဂုဏ်ထူးဘယ်နှစ်ခုထွက်လဲလို့ အားရဝမ်းသာနဲ့ မေးတတ်ကြတဲ့ ကျမဆရာဆရာမတွေရှိတဲ့ ကျမရဲ့ အမှတ်တရပေါင်းများစွာကြွင်းကျန်ရာ ကျမတို့ရဲ့ကျောင်းတော်မဟာ... ဂုဏ်ထူးတွေ အများကြီးနဲ့ ဆေးကျောင်းဝင်သွားကြတဲ့ သူငယ်ချင်းတွေရှိရာ အရပ်... ကျမ မကျင်လည်ခဲ့တာ နှစ်တော်တော်ကြာခဲ့တယ်...
အဲ့ဒီကစ,လို့ လူတစ်ယောက်ကို ငေးကြည့်ခဲ့ဖူးတဲ့ ခံစားမှုမျိုးကို တစ်ယောက်တည်း ပျင်းပျင်းရှိတိုင်း တိုက်ဆိုင်မှုတွေရှိတိုင်း ပတ်ဝန်းကျင်တိတ်ဆိတ်ပြီး စာရေးချင်စိတ်ပေါ်လာတိုင်း အမှတ်တရနဲ့ တမ်းတခဲ့မိဖူးတာတော့ အမှန်ပါပဲ....
အဲ့လိုနဲ့ ဘဝမှာ အပြောင်းအလဲများစွာကြုံလာခဲ့ပြီး သူ့ကိုလည်း မေ့ဖြစ်တဲ့ နေ့တွေ လတွေ များလာခဲ့တာ အတတ်ပညာတွေ ဆည်းပူးရာ တက္ကသိုလ်နောက်ဆုံးနှစ်ကို ရောက်လာခဲ့တော့တယ်... ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကို အော်တိုရေးခိုင်းတော့ ရွှတ်နောက်နောက် ပြောင်ချော်ချော် အမြဲနေတတ်တဲ့ သူငယ်ချင်းယောက်ျားလေး တစ်ယောက်က ဒီလိုလေး အမှတ်တရရေးပေးခဲ့ဖူးတယ်...
"ပန်းသီးတွေမြင်တိုင်း နင့်ကို သတိရနေမယ်..." တဲ့...
အဲ့ဒီစာလေးတစ်ကြောင်းက ကျမမေ့နေတာကြာခဲ့ပြီဖြစ်တဲ့ လူတစ်ယောက်ကို ပိုအမှတ်ရစေခဲ့တယ်...
ကျမကို သူငယ်ချင်းတိုင်း အမှတ်ရစေတဲ့ အချက်တစ်ချက်က... ကျမအရမ်းရယ်လိုက်ရင်ဖြစ်ဖြစ် ရှက်သွားရင်ဖြစ်ဖြစ် နေပူပူထဲ သွားရင်ဖြစ်ဖြစ် ကျမမျက်နှာက နီရဲလွယ်လွန်းတယ်... သူငယ်ချင်းတော်တော်များများကလည်း အော်တိုရေးပေးတော့ ဒါကိုပဲ အမှတ်တရလုပ်ပြီး ရေးနေကြတော့တယ်... ကျမကိုယ်ကျမ မကြိုက်ဆုံးအချက်တစ်ချက်လို့ သူငယ်ချင်းတွေကို တရားဝင်ထုတ်ပြောတဲ့နေ့ကတော့ သူတို့အားလုံး တစ်သံတည်းပါပဲ... နင့်မှာ ဘယ်သူနဲ့မှ မတူတာရှိနေတာကိုက အမှတ်ရစရာ သတိရစရာပဲပေါ့တဲ့လေ...
ဆယ်စုနှစ်တစ်ခုကိုလည်း ကျော်ခဲ့ပြီ...
ဘဝတစ်ဆစ်ချိုးဆိုတာလည်း အကြိမ်ကြိမ်ကြုံခဲ့ပြီ...
ဒါပေမယ့် အဲ့ဒီအချိန်အဲ့ဒီအခါကလို အလိုလောဘမရှိခဲ့ဘဲ ငေးကြည့်ရုံသက်သက်ဆိုတဲ့ ခံစားချက်မျိုး... မာကျောပြတ်သားဖို့ ကြိုးစားမှုမျိုး... တစ်ခါတစ်လေတော့ နာကျင်မှုမျိုးမပါဘဲ ပြန်တမ်းတမိတယ်...
Created By: k2tmaung (22 January 2011 Saturday 01:22AM)
Posted by
k2tmaung
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...